SlideShare a Scribd company logo
1 of 17
Download to read offline
ဖေဖော်ဝါရီ ၂၀၁၅ / အတွဲ(၁) အမှတ် (၁)
ဖက်ဒရယ်စနစ် မိတ်ဆက်
ဒေါက်တာတေဇာစန်း
(ခြုံငုံဖော်ပြချက် - ဤစာတမ်း၌ စာရေးသူသည် ဖက်ဒရယ်စနစ်ဟူသည် အဘယ်နည်း၊
ပေါ်ပေါက်လာပုံ သမိုင်းအကျဉ်း၊ ယနေ့ကမ္ဘာ့နိုင်ငံအချို့ ဤစနစ်ကို လက်တွေ့ကျင့်သုံးနေပုံ၊
ဖက်ဒရယ်စနစ်၏ သဘောသဘာဝနှင့် အားသာချက်၊ အားနည်းချက်များကို သုံးသပ်ဖော်ပြထားသည်။ ထို့ပြင်
ဖက်ဒရယ်နိုင်ငံတစ်ရပ်၏ လွှတ်တော်များအကြောင်း၊ နယ်မြေယူနစ်ပိုင်းခြားသတ်မှတ်ပုံနည်းလမ်းများ၊
ဗဟိုအစိုးရနှင့် ပြည်နယ်အစိုးရများအကြား အာဏာခွဲဝေမှု၊ ဘဏ္ဍာရေးအရ မျှဝေခွဲခြားပုံကို
ဝေဖန်ဖော်ပြသည်။ ဖက်ဒရယ်နိုင်ငံရှိ လက်နက်ကိုင်တပ်များ ဖွဲ့စည်းပုံနှင့် အခန်းကဏ္ဍ၊
ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေ စသည်တို့ကိုလည်း သုံးသပ်ဝေဖန်ထားသည်။ နိဂုံး၌ စာတမ်းရှင်သည်
မြန်မာ့နိုင်ငံရေးနှင့် ဖက်ဒရယ်စနစ်တို့အပေါ် သူ၏ ကိုယ်ပိုင်အမြင်ကို ဆွေးနွေးတင်ပြထားသည်)
အယ်ဒီတာ
ဖေဖော်ဝါရီ ၂၀၁၅ / အတွဲ(၁) အမှတ် (၁)
ဖက်ဒရယ်စနစ် မိတ်ဆက်
ဒေါက်တာတေဇာစန်း
(ခြုံငုံဖော်ပြချက် - ဤစာတမ်း၌ စာရေးသူသည် ဖက်ဒရယ်စနစ်ဟူသည် အဘယ်နည်း၊
ပေါ်ပေါက်လာပုံ သမိုင်းအကျဉ်း၊ ယနေ့ကမ္ဘာ့နိုင်ငံအချို့ ဤစနစ်ကို လက်တွေ့ကျင့်သုံးနေပုံ၊
ဖက်ဒရယ်စနစ်၏ သဘောသဘာဝနှင့် အားသာချက်၊ အားနည်းချက်များကို သုံးသပ်ဖော်ပြထားသည်။ ထို့ပြင်
ဖက်ဒရယ်နိုင်ငံတစ်ရပ်၏ လွှတ်တော်များအကြောင်း၊ နယ်မြေယူနစ်ပိုင်းခြားသတ်မှတ်ပုံနည်းလမ်းများ၊
ဗဟိုအစိုးရနှင့် ပြည်နယ်အစိုးရများအကြား အာဏာခွဲဝေမှု၊ ဘဏ္ဍာရေးအရ မျှဝေခွဲခြားပုံကို
ဝေဖန်ဖော်ပြသည်။ ဖက်ဒရယ်နိုင်ငံရှိ လက်နက်ကိုင်တပ်များ ဖွဲ့စည်းပုံနှင့် အခန်းကဏ္ဍ၊
ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေ စသည်တို့ကိုလည်း သုံးသပ်ဝေဖန်ထားသည်။ နိဂုံး၌ စာတမ်းရှင်သည်
မြန်မာ့နိုင်ငံရေးနှင့် ဖက်ဒရယ်စနစ်တို့အပေါ် သူ၏ ကိုယ်ပိုင်အမြင်ကို ဆွေးနွေးတင်ပြထားသည်)
အယ်ဒီတာ
ဖေဖော်ဝါရီ ၂၀၁၅ / အတွဲ(၁) အမှတ် (၁)
ဖက်ဒရယ်စနစ် မိတ်ဆက်
ဒေါက်တာတေဇာစန်း
(ခြုံငုံဖော်ပြချက် - ဤစာတမ်း၌ စာရေးသူသည် ဖက်ဒရယ်စနစ်ဟူသည် အဘယ်နည်း၊
ပေါ်ပေါက်လာပုံ သမိုင်းအကျဉ်း၊ ယနေ့ကမ္ဘာ့နိုင်ငံအချို့ ဤစနစ်ကို လက်တွေ့ကျင့်သုံးနေပုံ၊
ဖက်ဒရယ်စနစ်၏ သဘောသဘာဝနှင့် အားသာချက်၊ အားနည်းချက်များကို သုံးသပ်ဖော်ပြထားသည်။ ထို့ပြင်
ဖက်ဒရယ်နိုင်ငံတစ်ရပ်၏ လွှတ်တော်များအကြောင်း၊ နယ်မြေယူနစ်ပိုင်းခြားသတ်မှတ်ပုံနည်းလမ်းများ၊
ဗဟိုအစိုးရနှင့် ပြည်နယ်အစိုးရများအကြား အာဏာခွဲဝေမှု၊ ဘဏ္ဍာရေးအရ မျှဝေခွဲခြားပုံကို
ဝေဖန်ဖော်ပြသည်။ ဖက်ဒရယ်နိုင်ငံရှိ လက်နက်ကိုင်တပ်များ ဖွဲ့စည်းပုံနှင့် အခန်းကဏ္ဍ၊
ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေ စသည်တို့ကိုလည်း သုံးသပ်ဝေဖန်ထားသည်။ နိဂုံး၌ စာတမ်းရှင်သည်
မြန်မာ့နိုင်ငံရေးနှင့် ဖက်ဒရယ်စနစ်တို့အပေါ် သူ၏ ကိုယ်ပိုင်အမြင်ကို ဆွေးနွေးတင်ပြထားသည်)
အယ်ဒီတာ
2
ဖက်ဒရယ်စနစ် မိတ်ဆက်
မိတ်ဆက်
ယနေ့ ကမ္ဘာ့လူဦးရေ သန်း ၇၀၀၀ ၏ ၄၀ရာခိုင်နှုန်းသည် ဖက်ဒရယ်စနစ်ကျင့်သုံးသော
နိုင်ငံများတွင် နေထိုင်လျက်ရှိသည်။ကမ္ဘာနိုင်ငံပေါင်း ၂၀၀နီးပါးအနက်၂၅ နိုင်ငံခန့်သည် ဖက်ဒရယ်စနစ်ကို
အသွင်အမျိုးမျိုးဖြင့် ကျင့်သုံးနေကြသည်။(ကမ္ဘာပေါ်ရှိ ဖက်ဒရယ်စနစ်ကျင့်သုံးသော နိုင်ငံများစာရင်းကို
နောက်ဆက်တွဲ - ၁၌ ရှုပါ) ၎င်းနိုင်ငံများတွင် ကမ္ဘာ့အချမ်းသာဆုံးသော အမေရိကန်နိုင်ငံပါဝင်သလို
အဆင်းရဲဆုံးစာရင်းဝင် အီသီယိုးပီးယားနိုင်ငံလည်း ပါဝင်သည်။ ကမ္ဘာ့ပေါ်တွင် လူဦးရေအများဆုံးရှိသော
ဒီမိုကရေစီနိုင်ငံကြီး အိန္ဒိယသည် ဖက်ဒရယ်စနစ်ကျင့်သုံးနေသကဲ့သို့ ကမ္ဘာ့အသေးငယ်ဆုံး
နိုင်ငံများဖြစ်သော မိုက်ခရိုနီးဆီးယား (Micronesia)၊ စိန့်ကစ်နှင့် နီးဗစ် (Saint Kitts and Nevis)
တို့သည်လည်း ဖက်ဒရယ်နိုင်ငံများ ဖြစ်ကြသည်။
ဖက်ဒရယ်စနစ်ဟူသည် အဘယ်နည်း။ ဖက်ဒရယ်စနစ်ဟူသည် အင်္ဂလိပ်ဘာသာစကား
Federalismကို တိုက်ရိုက်အားဖြင့် မြန်မာမှုပြုထားခြင်းဖြစ်သည်။ Federalism ဟူသောဝေါဟာရသည်
မူလအားဖြင့် လက်တင်စကား Foedus မှ ဆင်းသက်လာသည်။ ၎င်းလက်တင်ဝေါဟာရကို အဓိပ္ပာယ်ပြန်
ဆိုပါက သဘောတူညီခြင်း (Agreement)၊ အပြည်အလှန် ညှိုနှိုင်း၍ နှစ်ဦးနှစ်ဖက် သဘောတူဆုံးဖြတ်ခြင်း
(Bargain)၊ နှစ်ဦးနှစ်ဖက် အတူတကွပူးပေါင်းကာ အကျိုးတူလုပ်ငန်းများ ဆောင်ရွက်ခြင်း (Contract)ဟူ၍
နားလည်နိုင်သည်။ အချို့ကမူ Federalismကို မူရင်းလက်တင်ဝေါဟာရပင်ဖြစ်သော Fides ဟူသော
စကားလုံးနှင့် ဖလှယ်သုံးစွဲကြသည်။ ၎င်း Fides မှာမူ ယုံကြည်စိတ်ချမှု (Faith or Trust) ဟူ
အဓိပ္ပာယ်ရသည်။ ထို့ကြောင့် Federalism ကို မြန်မာဘာသာဖြင့်ဆိုရပါက နှစ်ဦးနှစ်ဖက် အပြန်အလှန်
လေးစားယုံကြည်၊ ပူးပေါင်းဆောင်ရွက်ကာ နိုင်ငံတစ်ခုကို အတူတကွ တည်ထောင်ခြင်း၊ ၎င်းနိုင်ငံတော်၏
အာဏာအရပ်ရပ်ကို ခွဲဝေကျင့်သုံးခြင်း ဟု တိုက်ရိုက်ပြန်ဆိုနိုင်သည်။
ယေဘုယျလက္ခဏာများ
ဖက်ဒရယ်စနစ်ကို နိုင်ငံအမျိုးမျိုးတို့တွင် အသွင်သဏ္ဍန်အမျိုးမျိုးဖြင့် ကျင့်သုံးနေကြသော်လည်း
ယေဘုယျအားဖြင့် အောက်ပါအချက်များအပေါ် အခြေခံစဉ်းစား သတ်မှတ်လေ့ရှိသည်။
၁။ ဖက်ဒရယ်နိုင်ငံတစ်ရပ်တွင် အနည်းဆုံးအားဖြင့် အစိုးရအဖွဲ့ နှစ်ဖွဲ့၊ သုံးဖွဲ့ရှိရမည်။ တစ်ဖွဲ့မှာ
တစ်နိုင်ငံလုံးအတွက် ဗဟိုအစိုးရဖြစ်၍ အခြားအဖွဲ့များမှာ ဒေသဆိုင်ရာအစိုးရ အဖွဲ့များဖြစ်သည်။ဤတွင်
သိထားသင့်သည်မှာ ဒေသဆိုင်ရာ နယ်မြေယူနစ်များသည် သက်ဆိုင်ရာနိုင်ငံအလိုက် အမည်နာမအမျိုးမျိုး
ရှိနိုင်သည်။
ဥပမာ - အမေရိကန်၊ အိန္ဒိယ၊ ဘရာဇီး တို့တွင် - State
3
ကနေဒါ၊ အာဂျင်တီးနား တို့တွင် - Province
ဂျာမနီ၊ ဩစတြီးယား တို့တွင် - Lander
ဆွစ်ဇာလန် တွင် - Canton
အထက်ဖော်ပြပါ ဗဟိုနှင့် ဒေသဆိုင်ရာအစိုးရအဖွဲ့ဝင်များ၊ ဗဟိုလွှတ်တော်ကိုယ်စားလှယ်များ၊ ဒေသဆိုင်
ရာ လွှတ်တော်ကိုယ်စားလှယ်များအားလုံးကို ပြည်သူလူထုမှ တိုက်ရိုက်ရွေးချယ်နိုင်သည့် ဖက်ဒရယ်နိုင်ငံ
များရှိသကဲ့သို့ အချို့ကို တိုက်ရိုက်၊ အချို့ကိုမူ သွယ်ဝိုက်သောအားဖြင့်သာ ရွေးချယ်နိုင်သော နိုင်ငံများ
လည်း ရှိပါသည်။
၂။ ဖက်ဒရယ်နိုင်ငံတိုင်းတွင် ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲပြဌာန်းထားလေ့ရှိသည်။ ၎င်းဥပဒေတွင်
ဗဟိုနှင့်ပြည်နယ်အစိုးရများအကြား လုပ်ပိုင်ခွင့်အာဏာခွဲဝေမှုကို သတ်မှတ်ဖော်ပြထားသည်။ ဖက်ဒရယ်
နိုင်ငံများတွင် ဖွဲ့စည်းပုံအခြေခံဥပဒေသည် လွန်စွာတန်ခိုးကြီး၍ အသက်ဝင်သည်။ ဖက်ဒရယ်နိုင်ငံအချို့၏
ဖွဲ့စည်းပုံအခြေခံဥပဒေတွင် မည်သည့်အာဏာများ (Specified Power)ကို ဗဟိုအစိုးရသို့ အပ်နှင်း၍
ကျန်ရှိသောအာဏာများ (Residual Power)ကို ပြည်နယ်အစိုးရသို့ အပ်နှင်းသည်ဟူ၍ ဖော်ပြထားတတ်ပြီး
အချို့နိုင်ငံများတွင်မူ ကျန်ရှိအာဏာများ (Residual Power)ကို ဗဟိုအစိုးရသို့ လုပ်ပိုင်ခွင့်
ပေးအပ်သည်လည်း ရှိတတ်ပါသည်။ (ဤတွင် ယေဘုယျအားဖြင့် မှတ်သားထားရန်မှာ ကျန်ရှိအာဏာ
(Residual Power)ကို သုံးစွဲပိုင်ခွင့်ရှိသော အစိုးရအဖွဲ့သည် လုပ်ပိုင်ခွင့်အာဏာ ပိုမိုများပြားလေ့ရှိခြင်းပင်
ဖြစ်သည်)အချို့နိုင်ငံများ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ၌ ဗဟိုအစိုးရကော၊ ပြည်နယ်အစိုးရပါ တစ်ပြိုင်တည်း
ဆောင်ရွက်လုပ်ပိုင်ခွင့်ရှိသောအရာများ (Concurrent Power) ဟူ၍လည်း ပါရှိတတ်သည်။ (ဥပမာ -
အိန္ဒိယ)
၃။ ဖွဲ့စည်းပုံအခြေခံဥပဒေသည် ဖက်ဒရယ်နိုင်ငံတစ်ရပ်၌ အရေးကြီးသည့်အားလျော်စွာ ၎င်းနှင့်ပတ်သက်၍
အခြေအတင် အငြင်းပွားဖွယ်ကိစ္စများ၊ အဓိပ္ပာယ်ဖွင့်ဆိုရှင်းလင်းရန် အကြောင်းအရာများ ပေါ်ပေါက်
လာပါက ဖြေရှင်းဆုံးဖြတ်ပေးနိုင်သော သီးခြားလွတ်လပ်သည့် အဖွဲ့အစည်းတစ်ရပ်တည်ရှိရမည်ဖြစ်သည်။
၎င်းအဖွဲ့အစည်းသည် သက်ဆိုင်ရာနိုင်ငံအလိုက် ကွဲပြားခြားနားနိုင်သည်။
ဥပမာ - အမေရိကန် တွင် - ပြည်ထောင်စုတရားရုံးချုပ် (Federal Supreme Court)
ဆွစ်ဇာလန် တွင် - ပါလီမန် (Parliament)
ဂျာမနီ တွင် - ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံး (Constitutional Court)
သမိုင်းအကျဉ်း
ယနေ့ ကမ္ဘာ့ပေါ်တွင် ဖက်ဒရယ်စနစ်ကျင့်သုံးနေကြသော နိုင်ငံများ၏ ဘိုးအေမှာ အမေရိကန်
ပြည်ထောင်စုနှင့် ဆွစ်ဇာလန်နိုင်ငံတို့ဟု ဆိုရမည်ဖြစ်သည်။
4
ခရစ်နှစ် ၁၇၇၆ ခုတွင် အင်္ဂလိပ်လက်အောက်မှ လွတ်လပ်ရေးကြေငြာခဲ့သော အမေရိကန်
နိုင်ငံသည်ပထမဆုံးအနေဖြင့် သီးခြားလွတ်လပ်သော ပြည်နယ် ၁၃ ခုဖြင့် ဖက်ဒရေးရှင်းနိုင်ငံတစ်ရပ်အဖြစ်
ရပ်တည်ခဲ့သည်။ ကိုလိုနီဘဝမှ လွတ်မြောက်ရေးအတွက်သာ ပြည်နယ်များအချင်းချင်း ပူးပေါင်းခဲ့ကြ
သော်လည်း ဗဟိုက လွှမ်းမိုးချုပ်ကိုင်သော အစိုးရတစ်ရပ်မျိုးကို အမေရိကန်ပြည်နယ်များသည် အလိုမရှိခဲ့
ပေ။ ထို့ကြောင့် လုပ်ပိုင်ခွင့်အာဏာအားလုံးလိုလိုကို ပြည်နယ်များသို့သာ အပ်နှင်းပေးထားခဲ့သည်။ခရစ်
၁၇၈၇ ခုနှစ်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေး အမျိုးသားညီလာခံကို ကျင်းပခဲ့သည်။ ၎င်းညီလာခံက
ရေးဆွဲသည့် အခြေခံဥပဒေကို အတည်ပြုကာ ယခုအချိန်ထိ ဆက်လက်သုံးစွဲနေသောကြောင့် လက်ရှိ
အမေရိကန်ဖွဲ့စည်းပုံအခြေခံဥပဒေသည် ကမ္ဘာပေါ်တွင် သက်တမ်းအရှည်ဆုံးသော ဖွဲ့စည်းပုံအခြေခံ
ဥပဒေတစ်ရပ်ဖြစ်သည်။ ယခုအချိန်ထိ ၎င်းဥပဒေကို ပြင်ဆင်ချက် စုစုပေါင်း ၂၇ ချက်ရှိပြီးဖြစ်သည်။
အမေရိကန်နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကန့်သတ်ထားသော အာဏာအချို့ကို ဗဟိုအစိုးရ
(သို့မဟုတ်) ဖက်ဒရယ်အစိုးရသို့ အပ်နှင်းထားပြီး ကျန်ရှိအာဏာများအားလုံးကို ပြည်နယ်အစိုးရများသို့
ပေးအပ်သည်။ ထို့ကြောင့် အမေရိကန်နိုင်ငံ၌ ပြည်နယ်များ၏ လုပ်ပိုင်ခွင့်အာဏာသည် ပိုမိုများပြားသည်ဟု
ယေဘုယျအားဖြင့် ဆိုနိုင်သည်။ အမေရိကန်နှင့် နှိုင်းယှဉ်လေ့လာနိုင်သော ဖက်ဒရယ်နိုင်ငံတစ်ခုမှာ
ကနေဒါဖြစ်သည်။ ခရစ် ၁၈၆၇ တွင်ပြဌာန်းခဲ့သော ဖွဲ့စည်းပုံအခြေခံဥပဒေအရ တစ်နိုင်ငံလုံးနှင့် သက်ဆိုင်
သော အရေးကိစ္စဟုဆိုရမည့်နယ်ပယ်အခွင့်အာဏာများ (ဥပမာ - ကာကွယ်ရေးနှင့် လုံခြုံရေး၊ နိုင်ငံခြား
ရေး) စသည်တို့ကို ဗဟိုအစိုးရသို့ လုပ်ပိုင်ခွင့် အပ်နှင်းထားပြီး ဘာသာစကား၊ ယဉ်ကျေးမှုဓလေ့ထုံးတမ်း၊
စသည့်လုပ်ပိုင်ခွင့်များကိုမူ ပြည်နယ်အစိုးရသို့ ပေးအပ်သည်။ သီးခြားဖော်ပြမထားသော ကြွင်းကျန်
အာဏာ (Residual Power) များကို ဗဟိုအစိုးရသို့ လုပ်ပိုင်ခွင့် အပ်နှင်းသည်။ ထို့ကြောင့် ကနေဒါနိုင်ငံ၌
ဗဟိုအစိုးရသည် အာဏာပိုထက်သည်ဟု အကြမ်းဖျင်း ဆိုနိုင်သည်။
ဆွစ်ဇာလန်သည် တောင်တန်းများထူထပ်သည့် နိုင်ငံဖြစ်သည့်အားလျော်စွာ ရှေးခေတ်ကာလများ
က ဒေသတစ်ခုနှင့် တစ်ခု ကူးလူးဆက်ဆံမှုအလွန်နည်းပါးခဲ့သည်။ ဆွစ်လူမျိုးများ၏ သဘောသဘာဝ
သည်ပင် ဗဟိုအစိုးရထက် မိမိတို့ ဒေသဆိုင်ရာအစိုးရအဖွဲ့ကိုသာ သစ္စာခံအလေးပေးလိုစိတ်ရှိကြသည်ဟု
ဆိုနိုင်သည်။ ဆွစ်ဇာလန်၏ ဗဟိုအစိုးရသည် လုပ်ပိုင်ခွင့်အာဏာ အနည်းငယ်ကိုသာ ရယူထားပြီး
ကျန်အာဏာအများစုကို ဒေသဆိုင်ရာအစိုးရအဖွဲ့များက လုပ်ပိုင်ခွင့်ရရှိသည်။
အဘယ့်ကြောင့် ဖက်ဒရယ်
ကမ္ဘာ့လူဦးရေ၏ ၄၀ရာခိုင်နှုန်းကျော်သည် ဖက်ဒရယ်နိုင်ငံများတွင် နေထိုင်ကြသည်။ အဆိုပါနိုင်ငံ
များသည် ဖက်ဒရယ်စနစ်ကို မိမိတို့နိုင်ငံအသီးသီး၏ သမိုင်းကြောင်းနိုင်ငံရေး အနေအထားအရ
လည်းကောင်း၊ လက်ရှိအခြေအနေနှင့် အခြားသော အကြောင်းခြင်းရာ အမျိုးမျိုးတို့ကြောင့်လည်းကောင်း၊
ရည်ရွယ်ချက်အမျိုးမျိုးတို့အရလည်းကောင်း လက်ခံ ကျင့်သုံးနေကြခြင်းဖြစ်သည်။ ဤတွင် မှတ်သားရန်
ရှိသည်မှာ နိုင်ငံတစ်ခု၏ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ဖက်ဒရယ်နိုင်ငံဟု စာရွက်ပေါ်၌ ဖော်ပြထားတိုင်း
အဆိုပါနိုင်ငံကို ဖက်ဒရယ်နိုင်ငံဟု မသက်မှတ်နိုင်သလို ဖက်ဒရယ်ဆိုသော စကားရပ်ကို မသုံးနှုန်း၊
5
မဖော်ပြသော်လည်း နိုင်ငံတစ်နိုင်ငံသည် လက်တွေ့အားဖြင့် ဖက်ဒရယ်ဝါဒကို အနှစ်သာရကျကျ လိုက်နာ
ကျင့်သုံးနေပါက အဆိုပါနိုင်ငံကို ဖက်ဒရယ်နိုင်ငံဟု သက်မှတ်နိုင်သည်။
နိုင်ငံတစ်နိုင်ငံသည် ဖက်ဒရယ်စနစ်ကို အောက်ပါရည်ရွယ်ချက်များဖြင့် ကျင့်သုံးလေ့ရှိသည်။
- ၁။ ကွဲပြားခြားနားသော တိုင်းရင်းသားလူမျိုးစု (Ethnic) များ၏ သဘောထားများ၊ အလိုဆန္ဒများကို
ဖြည့်ဆည်းပေးနိုင်ရန်။
- ၂။ကွဲပြားခြားနားသော ဘာသာစကား၊ ယဉ်ကျေးမှုဓလေ့ထုံးစံများ၊ စရိုက်သဘာဝ၊ အမျိုးသား
သရုပ်သကန်များကို ထိန်းသိမ်းထားနိုင်ရန်။
- ၃။ ကွဲပြားခြားနားသော ဘာသာရေးအရ ကိုးကွယ်ယုံကြည်မှုကို လက်ခံထိန်းသိမ်းနိုင်ရန်။
- ၄။ ယေဘုယျအားဖြင့်ဆိုသော် မိမိတို့ဒေသတွင်း လိုအပ်ချက်များ၊ ပြဿနာများကို
ဒေသခံလူထုကသာလျှင် အကောင်းဆုံးသိရှိနိုင်မည်ဖြစ်၍ အဆိုပါဒေသခံများကိုယ်တိုင်
မိမိတို့အရေးကို မိမိတို့ စီမံဆုံးဖြတ်ပိုင်ခွင့် ရရှိရေး။
- ၅။ ဗဟိုအစိုးရ (ဝါ) ဖက်ဒရယ်အစိုးရနှင့် ဒေသအစိုးရတို့အကြား အပြန်အလှန်
ထိန်းညှိဆောင်ရွက်နိုင်ရေး။
- ၆။ ဖက်ဒရယ်နိုင်ငံအတွင်းရှိ လူမျိုးစုများ၊ ဒေသများအားလုံးသည် တန်းတူညီမျှစွာဖြင့်
ဥမကွဲသိုက်မပျက် ညီညွှတ်စည်ပင်စွာ နေထိုင်နိုင်ရေး။
အားသာချက်နှင့် အားနည်းချက်
ဖက်ဒရယ်စနစ်တွင် အားသာချက်များရှိသလို အားနည်းချက်များလည်း ရှိနေသည်ကို လေ့လာ
တွေ့ရှိနိုင်ပါသည်။ ပဓာန အားသာချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။
၁။ ဖက်ဒရယ်စနစ်သည် လူဦးရေများပြားသော နိုင်ငံများ၊ ပထဝီနယ်မြေ ကျယ်ဝန်းသော နိုင်ငံများတွင်
ကျင့်သုံးရန် ယေဘုယျအားဖြင့် အထူးသင့်လျော်သည်။ကမ္ဘာပေါ်ရှိ လူဦးရေအများဆုံးသော နိုင်ငံဆယ်
နိုင်ငံအနက် ခြောက်နိုင်ငံသည်လည်းကောင်း၊ ပထဝီနယ်နိမိတ် အကျယ်ဆုံးသော ဆယ်နိုင်ငံအနက်
ရှစ်နိုင်ငံသည်လည်းကောင်း ဖက်ဒရယ်စနစ်ကျင့်သုံးသော နိုင်ငံများ ဖြစ်နေခြင်းသည် ဤယူဆချက်ကို
ကောင်းစွာထောက်ခံနေသည်။
၂။ တိုင်းရင်းသားလူမျိုးစု (Ethnic) မျိုးကွဲများ ရှိသည့်နိုင်ငံတွင် ဖက်ဒရယ်စနစ်ကို ကျင့်သုံးပါက
သင့်တော်ကောင်းမွန်သည်။အဘယ့်ကြောင့်ဆိုသော် အထက်၌ ဖော်ပြခဲ့သကဲ့သိုပင် ဖက်ဒရယ်စနစ်သည်
လူမျိုးစုအသီးသီး၏ လိုလားချက်သဘောထားကို ယေဘုယျအားဖြင့် ဖြည့်ဆည်းပေးနိုင်သည်။
၃။ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေးသဘောအရ မတူညီသော ဒေသအစိုးရအဖွဲ့ အသီးသီးသည်
လည်းကောင်း၊ ဗဟိုအစိုးရသည်လည်းကောင်း အချင်းချင်း လေ့လာဆည်းပူးနိုင်သည်။ သင်ခန်းစာယူနိုင်
သည်။ ပညာယူနိုင်သည်။ (Laboratory for Experimentation)
6
၎။ ဖက်ဒရယ်စနစ်ကို ထိရောက်မှန်ကန်စွာ အသုံးပြုမည်ဆိုပါက စွမ်းဆောင်ရည်ပြည့်ဝမှု၊ လုပ်ပိုင်ခွင့်
ထိရောက်သေချာခြင်း (Efficiency and Political Empowerment) တို့ရှိနိုင်သည်။ ဒေသအစိုးရအဖွဲ့သည်
သက်မှတ်ထားသော မိမိတို့ဒေသတွင်း ကိစ္စရပ်များကိုသာ ဦးတည်ဆောင်ရွက်ရန်ဖြစ်သောကြောင့်
အရာရာကို ဗဟို၏ ဆုံးဖြတ်ချက်၊ တုံ့ပြန်ချက်များကို စောင့်ဆိုင်းနေရန် မလိုပေ။ ထို့ပြင် ဗဟိုနှင့် ဒေသ
အစိုးရအဖွဲ့တို့အကြား တာဝန်ခွဲဝေမှုပီပြင်သည်နှင့်အမျှ ဆောင်ရွက်ထွက်ပေါ်လာမည့် အကျိုးရလဒ်
သည်လည်း ပိုမိုထိရောက်ပီပြင်မည်ဖြစ်သည်။
ဖက်ဒရယ်စနစ်သည် အလုံးစုံပြီးပြည့်စုံနေသော စနစ်တစ်ရပ်ပေလော။ ဤသို့လည်း မဟုတ်ပါ။
၎င်းတွင်လည်း အားနည်းချက်များ၊ လိုအပ်ချက်များ ရှိတန်သလောက်ရှိပါသည်။ ပဓာနကျသော အားနည်း
ချက်များမှာ -
၁။ ဖက်ဒရယ်နိုင်ငံတစ်ခုသည် နိုင်ငံလုံးဆိုင်ရာ အမျိုးသားရေးမူဝါဒချမှတ်ရန် ရံဖန်ရံခါ ခက်ခဲလေ့ရှိ
တတ်သည်။
၂။ ပညာရှင်များ၏ သုတေသနလေ့လာမှုများအရ ဖက်ဒရယ်နိုင်ငံသားတစ်ဦး အခြားနိုင်ငံသား
များထက် နိုင်ငံတော်သို့ အခွန်ပိုမိုထမ်းဆောင်ရသည်။
၃။ ဗဟိုအစိုးရနှင့် ဒေသအစိုးရတို့အကြား အာဏာ၊ တာဝန်ခွဲဝေမှု မပီပြင်၊ မရှင်းလင်းပါက၊
သို့မဟုတ် ခွဲဝေမှု နည်းလမ်းမကျ၊ မှားယွင်းနေသည်ဆိုပါက မလိုလားအပ်သော ဆိုးကျိုးများ
ဖြစ်ပေါ်လာနိုင်သည်။ ပြည်သူလူထုအပေါ် တာဝန်ခံမှု မကွဲမပြားဖြစ်တတ်သည်။
၎။ ဗဟိုအစိုးရနှင့် ဒေသအစိုးရများအကြား၊ ဒေသအစိုးရများ အချင်းချင်းအကြား သဘာဝ
အရင်းအမြစ် အကျိုးစီးပွားခွဲဝေမှု၊ ဝင်ငွေ၊ အခွန်ခွဲဝေမှု၊ ဘတ်ဂျက်ခွဲဝေမှု စသည်တို့တွင် မညီမျှမှု
များလည်း ရှိတတ်သည်။
ဖက်ဒရယ်စနစ်နှင့် လွှတ်တော်
ကမ္ဘာ့ဖက်ဒရယ်နိုင်ငံတိုင်းလိုလိုတွင် လွှတ်တော်နှစ်ရပ်စနစ် (Bicameral System) ကိုကျင့်သုံး
လေ့ရှိကြသည်။ (အထက်လွှတ်တော်နှင့် အောက်လွှတ်တော်)မှတ်သားထားရန်မှာ လွှတ်တော်နှစ်ရပ်စနစ်ကို
ကျင့်သုံးသည့်နိုင်ငံတိုင်းသည် ဖက်ဒရယ်နိုင်ငံမဟုတ်သော်လည်း ဖက်ဒရယ်နိုင်ငံတိုင်းလိုလိုသည်
လွှတ်တော်နှစ်ရပ်စနစ်ကို ကျင့်သုံးလေ့ရှိသည်။
အဆိုပါလွှတ်တော်နှစ်ရပ်အနက် ဖက်ဒရယ်စနစ်၏ အမှတ်အသားသည် အထက်လွှတ်တော်
(Upper House or Second Chamber)၊ မြန်မာအခေါ်အရ အမျိုးသားလွှတ်တော်ပင်ဖြစ်သည်။ ဖက်ဒရယ်
နိုင်ငံများတွင် ပြည်နယ်ဒေသအလိုက်တူညီသော ကိုယ်စားလှယ်အချိုးအစားဖြင့်ဖြစ်စေ၊ ဒေသအလိုက်
လူဦးရေအပေါ်မူတည်၍ဖြစ်စေ ကိုယ်စားလှယ်များကို စေလွှတ်ပိုင်ခွင့်ရရှိသည်။ အာဂျင်တီးနား၊
ဩစတြေးလျ၊ ဘရာဇီး၊ မက္ကဆီကို၊ ဆွစ်ဇာလန်၊ တောင်အာဖရိက၊ ရုရှား၊ အမေရိကန် စသည့်
ဖက်ဒရယ်နိုင်ငံများတွင် အထက်လွှတ်တော်သို့ နယ်မြေယူနစ်များအားလုံးက တူညီသော ကိုယ်စားလှယ်
အရေအတွက်ကို စေလွှတ်ပိုင်ခွင့် ရရှိကြသည်။ လူဦးရေအချိုးအစားအရ မတူညီသော ကိုယ်စားလှယ်
7
အရေအတွက်ကို စေလွှတ်ရွေးချယ်ရသည့် ဖက်ဒရယ်နိုင်ငံများမှာ ဂျာမနီ၊ အိန္ဒိယ၊ ဩစတြီးယား၊ ကနေဒါ၊
ဘယ်လ်ဂျီယံ၊ အီသီယိုးပီးယား စသည်တို့ဖြစ်သည်။
အမေရိကန်နိုင်ငံတွင် အထက်လွှတ်တော်သို့ ပြည်နယ်တိုင်းသည် တူညီသော ကိုယ်စားလှယ်
အရေအတွက်ကို စေလွှတ်ခွင့် ရရှိသည်။ အမေရိကန်ရှိ ပြည်နယ် ၅၀ သည် အထက်လွှတ်တော် (Senate)
သို့ တစ်ပြည်နယ်လျှင် နှစ်ဦးကျစီ၊ တူညီစွာစေလွှတ်ပိုင်ခွင့်ရှိသည်။ ထို့ကြောင့် အမေရိကန် အထက်
လွှတ်တော်တွင် လွှတ်တော်အမတ်ပေါင်း (Senator) ၁၀၀ဦး ရှိသည်။လူဦးရေ ၃၈ သန်းရှိသော
ကယ်လီဖိုးနီးယားပြည်နယ်ကို ကိုယ်စားပြုသော ဆီနိတ်တာသည် နှစ်ဦးဖြစ်၍ လူဦးရေ ငါးသိန်း
ခုနှစ်သောင်းကျော်သာရှိသော Wyoming ပြည်နယ်အတွက်လည်း ကိုယ်စားပြုဆီနိတ်တာ နှစ်ဦးပင်ဖြစ်
သည်။ ဧရိယာအားဖြင့် မြန်မာနိုင်ငံထက် သုံးဆပိုကျယ်သော အလက်စ်ကာပြည်နယ်အတွက်လည်း
လွှတ်တော်အမတ် နှစ်ဦး၊ မြန်မာနိုင်ငံမှ ကယားပြည်နယ်ထက် သုံးဆခန့်ပိုငယ်သော Rhode Island
အတွက်လည်း ဆီနိတ်တာ နှစ်ဦးပင်ဖြစ်သည်။
ဖက်ဒရယ်နိုင်ငံတစ်ရပ်ပင်ဖြစ်သော ဂျာမနီနိုင်ငံတွင်၏ အထက်လွှတ်တော်ဖွဲ့စည်းပုံမှာ တစ်မျိုးဖြစ်
သည်။ ဂျာမနီအထက်လွှတ်တော်ကို ပြည်နယ်များ (ဂျာမန်အသုံးအနှုန်း Lander) ရှိ လူဦးရေအရ
စေလွှတ်သည်။ လူဦးရေ ၂ သန်းအောက်ရှိသော ပြည်နယ်ဖြစ်လျှင် ကိုယ်စားလှယ် ၃ ဦး၊ လူဦးရေ ၂
သန်းမှ ၄ သန်းအတွင်းဖြစ်ပါက ကိုယ်စားလှယ် ၄ ဦး၊ လူဦးရေ ၄ သန်းမှ ၆ သန်းအတွင်းရှိပါက
ကိုယ်စားလှယ် ၅ ဦးစသည်ဖြင့် သက်မှတ်ထားသည်။ ၎င်းအထက်လွှတ်တော်ကိုယ်စားလှယ်များကို
ရွေးချယ်ရာတွင်လည်း ပြည်သူလူထုက တိုက်ရိုက်ရွေးချယ် တင်မြှောက်ပိုင်ခွင့်မရှိဘဲ သက်ဆိုင်ရာ
ပြည်နယ်အစိုးရအဖွဲ့ကသာလျှင် ရွေးချယ်စေလွှတ်ရသည်။ ထို့ကြောင့် ဝေဖန်သူအချို့က ဂျာမနီနိုင်ငံ၏
အထက်လွှတ်တော် (ဂျာမန်အခေါ် Bunderat) ရွေးချယ်ဖွဲ့စည်းပုံစနစ်ကို ပြစ်တင်ဝေဖန်တတ်ကြသည်။
အိန္ဒိယနိုင်ငံတွင် အထက်လွှတ်တော် (တရားဝင်အသုံးအနှုန်း Council of States) ကို
ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်များ၊ ပြည်ထောင်စုနယ်မြေများမှ လူဦးရေအရ အချိုးကျ စေလွှတ်
ရွေးချယ်ကာ ဖွဲ့စည်းသည်။ သို့သော် အထက်လွှတ်တော်ကိုယ်စားလှယ်ပေါင်း ၂၅၀ဦးရှိသည့်အနက် ၂၃၈
ဦးကိုသာ ပြည်နယ်များ၊ ပြည်ထောင်စုနယ်မြေများက ရွေးချယ်တင်မြှောက်ခွင့်ရှိပြီး ကျန် ၁၂ ဦးကို
နိုင်ငံတော်သမ္မတက တိုက်ရိုက်ခန့်အပ်သည်။ သမ္မတက ရွေးချယ်ခန့်အပ်သော ပုဂ္ဂိုလ်များသည်
အများအားဖြင့် သက်ဆိုင်ရာ ဘာသာရပ်ကျွမ်းကျင်ပညာရှင်များ ဖြစ်လေ့ရှိသည်။
ကနေဒါနိုင်ငံတွင်မူ အထက်လွှတ်တော်ကိုယ်စားလှယ်များကို ပြည်သူလူထုက ရွေးချယ်
တင်မြှောက်ပိုင်ခွင့်မရှိဘဲ ဗဟိုအစိုးရအဖွဲ့၏ အကြံပြုချက်အတိုင်း ဘုရင်ခံချုပ်က ရာသက်ပန်ခန့်အပ်
ထမ်းဆောင်စေသည်။ ထို့ကြောင့် ကနေဒါနိုင်ငံ၏ အထက်လွှတ်တော်သည် ပြည်နယ်များကို ကိုယ်စားပြု
သည်ဟု ဆိုရန်ခက်ခဲသည်။
8
အောက်လွှတ်တော် Vs အထက်လွှတ်တော်
အောက်လွှတ်တော် (Lower House or First Chamber)၊ မြန်မာအခေါ် ပြည်သူ့လွှတ်တော်ကို
လူဦးရေအရဖြစ်စေ၊ သက်မှတ်ထားသော မဲဆန္ဒနယ်အရဖြစ်စေ ရွေးချယ်လေ့ရှိသည်။
အမေရိကန်နိုင်ငံတွင် အောက်လွှတ်တော် (တရားဝင်အသုံးအနှုန်း House of Representatives)
ကို ပြည်နယ်များ၏ လူဦးရေအချိုးအစားအလိုက် ရွေးချယ်စေလွှတ်ရသည်။ အမေရိကန် အောက်
လွှတ်တော်၌ ကိုယ်စားလှယ်စုစုပေါင်း ၄၃၈ ဦးရှိ၍ အားလုံးကို ပြည်နယ်များက လူဦးရေအနည်းအများအရ
ရွေးချယ်တင်မြှောက်ကြရသည်။
အမေရိကန်နိုင်ငံ၏ အထက်လွှတ်တော်သည် ကမ္ဘာအခြားနိုင်ငံများ၏ အထက်လွှတ်တော်များနှင့်
နှိုင်းယှဉ်လေ့လာပါက ဩဇာအာဏာများစွာရှိကြောင်း တွေ့ရှိရသည်။ အမေရိကန်သမ္မတသည် အထက်
လွှတ်တော်၏ သဘောတူညီမှုရရှိမှသာလျှင် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်ထောင်စုတရားရုံးချုပ်
တရားသူကြီးများစသည်တို့ကို ခန့်အပ်ပိုင်ခွင့်ရှိသည်။ နိုင်ငံတကာနှင့် ချုပ်ဆိုသော သဘောတူညီမှု
စာချုပ်များကိုလည်း အထက်လွှတ်တော်က အတည်ပြုလက်မှတ်ရေးထိုးပေးရသည်။
ဤကဲ့သို့ အမေရိကန်အထက်လွှတ်တော် အာဏာကြီးရခြင်းမှာ ၎င်းသည် ပြည်နယ်တိုင်းကို
တူညီစွာ ကိုယ်စားပြုသောကြောင့်ဟု ဆိုနိုင်သည်။ ပြည်နယ်လူထုကို ကိုယ်စားပြုမှု အားနည်းသော ဂျာမနီ၊
ကနေဒါစသော နိုင်ငံများ၏ အထက်လွှတ်တော်များမှာ ဩဇာအာဏာ ထိရောက်မှုလျော့နည်းသည်ကို
လေ့လာတွေ့ရှိရသည်။ထို့ကြောင့် အထက်လွှတ်တော်များ၏ တန်ခိုးအာဏာသည် သက်ဆိုင်ရာ နိုင်ငံ
အလိုက် ကွဲပြားခြားနားသည်ဟု ယေဘုယျ ဆိုနိုင်သည်။
ဖက်ဒရယ်စနစ်နှင့် နယ်မြေယူနစ်များ
ကမ္ဘာ့ဖက်ဒရယ်နိုင်ငံများသည် နယ်မြေယူနစ်များကို မိမိတို့နိုင်ငံ၏ သမိုင်းကြောင်း၊ ပထဝီ
အနေအထား၊ လူမျိုးရေး၊ ဘာသာစကားနှင့် ယဉ်ကျေးမှုဓလေ့ထုံးစံ၊ ကိုးကွယ်ယုံကြည်မှု ဘာသာ စသည့်
အခြေခံအချက်များအပေါ် မူတည်ကာ သတ်မှတ်ပိုင်းခြားလေ့ရှိသည်။ဖက်ဒရယ်နိုင်ငံတစ်နိုင်ငံရှိ နယ်မြေ
ယူနစ် အရေအတွက်သည်လည်း အနည်းဆုံး ၂ ခု (စိန့်ကစ်နှင့် နီးဗစ်နိုင်ငံ) မှ အများဆုံး ၈၆ နှင့် ၅၀ ယူနစ်
(ရုရှားနှင့် အမေရိကန်နိုင်ငံ) များစွာ ကွဲပြားခြားနားနိုင်သည်။
ဖက်ဒရယ်နိုင်ငံတစ်ရပ်၏ ပြည်ထောင်စုအဖွဲ့ဝင် နယ်မြေယူနစ်များကို အဆင့်အမျိုးမျိုး၊ အမည်နာမ
အမျိုးမျိုးဖြင့် ခေါ်ဝေါ်သတ်မှတ်နိုင်သည်။ ဥပမာအားဖြင့် -
၁။ သမ္မတနိုင်ငံများ (Republics)
၂။ ပြည်နယ်များ (States)
၃။ တိုင်းများ (Regions)
၎။ ကန်တွန်များ (Cantons)
9
၅။ ပရိုဗင့်များ (Provinces)
၆။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ (Autonomous Regions)
၇။ ပြည်ထောင်စုနယ်မြေများ (Union Territories)
၈။ လူမျိုးစုဧရိယာများ (National Areas) စသည်တို့ဖြစ်ကြသည်။
ဖက်ဒရယ်နိုင်ငံတစ်ရပ်တည်းတွင် အဆင့်အတန်းနိမ်မြင့် မတူသော ပြည်ထောင်စုအဖွဲ့ဝင် နယ်မြေ
ယူနစ်များလည်း တည်ရှိနိုင်သည်။ ဥပမာဆိုရသော် အာဂျင်တီးနားနိုင်ငံကို တိုင်းပေါင်း ၂၂ တိုင်း၊ လူမျိုးစု
နယ်မြေ ၃ ခုနှင့် ပြည်ထောင်စုနယ်မြေ ၁ ခုတို့ဖြင့် ဖွဲ့စည်းထားသည်။ ဩစတြေးလျနိုင်ငံတွင် ပြည်နယ် ၆
ခု၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၄ ခုနှင့် မြို့တော်နယ်မြေ ၁ ခုတို့ရှိသည်။ ယခင် ယူဂိုဆလားဗီးယား
ပြည်ထောင်စုတွင် သမ္မတနိုင်ငံပေါင်း ၆ ခုနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း ၂ ခုတို့ ပါဝင်သည်။
တိုင်းရင်းသားလူမျိုးစုကွဲများ တည်ရှိသော ဖက်ဒရယ်နိုင်ငံများတွင် နယ်မြေယူနစ်များကို
အခြေချနေထိုင်ရာ လူမျိုးစုအလိုက် ပိုင်းခြားသတ်မှတ်ထားလေ့ရှိသည်။ အချို့နိုင်ငံများတွင်မူ ပြောဆိုသုံး
နှုန်းသော ဘာသာစကားအရသော်လည်းကောင်း၊ ယဉ်ကျေးမှုထုံးတမ်း ဓလေ့များအရသော်လည်းကောင်း၊
ကိုးကွယ်ယုံကြည်မှု ဘာသာရေးအရသော်လည်းကောင်း နယ်မြေယူနစ်များ ခွဲခြားသတ်မှတ်သည်။
ဖက်ဒရယ် နိုင်ငံတစ်ခုတည်း၌ပင် နယ်မြေများကို ပုံစံမျိုးစုံ၊ အကြောင်းခြင်းရာမျိုးစုံဖြင့် ခွဲခြားနိုင်သည်။
(ဥပမာ - အိန္ဒိယနိုင်ငံ) လူမျိုးစု၊ ဘာသာစကား၊ ယဉ်ကျေးမှု၊ စသည်တို့ ကွဲပြားခြားနားမှုနည်းပါးသော
ဖက်ဒရယ်နိုင်ငံများတွင် နယ်မြေယူနစ်များကို သမိုင်းကြောင်းအရသော်လည်းကောင်း၊ ပထဝီ အနေအထား
အရ သော်လည်းကောင်း သတ်မှတ်ပိုင်းခြားလေ့ရှိသည်။ (ဥပမာ - ဂ်ာမဏီ၊ ဩစေၾတးလ်)
ဗဟိုနှင့် နယ်မြေယူနစ်များအကြား အာဏာခွဲဝေမှု
ဖက်ဒရယ်နိုင်ငံများတွင် ဗဟိုအစိုးရက မည်သည့် လုပ်ပိုင်ခွင့်အာဏာကို ရယူကာ ဒေသခံအစိုးရ
သို့မဟုတ် ပြည်နယ်အစိုးရများက မည်သည့်နယ်ပယ် လုပ်ပိုင်ခွင့်အာဏာများကို ရရှိသည်ဟု သတ်မှတ်
ထားလေ့ရှိသည်။ ဖက်ဒရယ်နိုင်ငံတစ်ခု၏ အဆင့်အတန်း၊ အစစ်အမှန်ကို အကဲဖြတ်နိုင်သော စံပေတံ
တစ်ရပ်မှာ ဗဟိုနှင့် ပြည်နယ်များအကြား အာဏာခွဲဝေမှုပင်ဖြစ်သည်။ အချို့သော ဖက်ဒရယ်နိုင်ငံများတွင်မူ
ဗဟိုရော၊ ပြည်နယ်များကပါ အတူတကွ တစ်ပြိုင်တည်း ဆောင်ရွက်နိုင်သော လုပ်ပိုင်ခွင့်အာဏာ
(Concurrent Power) ဟူ၍လည်း သီးခြားဖော်ပြထားတတ်သည်။ အဆိုပါ (Concurrent Power)
အရဆောင်ရွက်ကြရာတွင် ဗဟိုအစိုးရနှင့် ပြည်နယ်တို့ သဘောထားကွဲလွဲမှုရှိပါကမူ ဗဟိုအစိုးရသည်သာ
လွှမ်းမိုးချုပ်ကိုင်နိုင်ခွင့်ရှိတတ်သည်။ (ဥပမာ - အိန္ဒိယ)
ကမ္ဘာ့ဖက်ဒရယ်နိုင်ငံအများစု၏ ဗဟိုနှင့် ပြည်နယ်များအကြား ယေဘုယျအားဖြင့် လုပ်ပိုင်ခွင့်
အာဏာခွဲဝေမှုပုံစံကို နောက်ဆက်တွဲ - ၂တွင်ရှုပါ။ ဖက်ဒရယ်နိုင်ငံအချို့တွင်မူ မည်သို့သော အာဏာရပ်
များ Specified Power (ဥပမာ - နိုင်ငံခြားရေး၊ ကာကွယ်ရေး) တို့ကို ဗဟိုအစိုးရသို့ လုပ်ပိုင်ခွင့်အပ်နှင်းကာ
10
ကြွင်းကျန်သော အာဏာအားလုံး Residual Power ကို ပြည်နယ်အစိုးရများသို့ ပေးအပ်သည်ဟု
ဖွဲ့စည်းပုံအခြေခံဥပဒေ၌ သတ်မှတ်ထားတတ်သည်။ ဥပမာအားဖြင့် အမေရိကန်နိုင်ငံဖွဲ့စည်းပုံ
အခြေခံဥပဒေအရ သတ်မှတ်ဖော်ပြထားသော လုပ်ပိုင်ခွင့် အာဏာ ၁၈ ရပ်ကို ဗဟိုအစိုးရသို့ အပ်နှင်းကာ
ကြွင်းကျန်အာဏာများအားလုံးကို ပြည်နယ်များသို့ လုပ်ပိုင်ခွင့် ပေးအပ်ထားသည်။
အာဏာခွဲဝေမှုပုံစံကို ယေဘုယျအားဖြင့် သုံးသပ်ရမည်ဆိုပါက တစ်နိုင်ငံလုံးအတိုင်းအတာနှင့်
သက်ဆိုင်သော၊ တစ်မျိုးသားလုံးသဘောဆောင်သော ကိစ္စရပ်နယ်ပယ်များကို ဗဟိုအစိုးရသို့ လုပ်ပိုင်ခွင့်
အာဏာ အပ်နှင်းလေ့ရှိကာ ပညာရေး၊ ကျန်းမာရေး၊ စည်ပင်သာယာရေး၊ လူမှုဖူလုံရေး၊ ဘာသာစကား၊
တိုင်းရင်းသားယဉ်ကျေးမှုဓလေ့များ စသည်တို့ဖွံ့ဖြိုးစောင့်ရှောက်ရေးအစရှိသော နယ်ပယ်လုပ်ပိုင်ခွင့်များ
ကိုမူ ပြည်နယ်အစိုးရများသို့ ဆောင်ရွက်ပိုင်ခွင့်ပေးထားလေ့ရှိသည်။ သို့ရာတွင် အာဏာခွဲဝေမှုပုံစံမှာ
နိုင်ငံအလိုက် မူတည်ကာ များစွာကွဲပြားခြားနားနိုင်သည်ကို မှတ်သားထားသင့်သည်။
ငွေကြေးနှင့် ဘဏ္ဍာရေးဆိုင်ရာ အခွင့်အာဏာများ
ဖက်ဒရယ်စနစ်လည်ပတ်ရှင်သန်ရေးတွင် ငွေကြေးနှင့် ဘဏ္ဍာရေးဆိုင်ရာ ရယူနိုင်မှု၊ ခွဲဝေမှု၊
သုံးစွဲမှုတို့သည် လွန်စွာအရေးကြီးသည်။ နိုင်ငံတစ်နိုင်ငံသည် ဝင်ငွေကို အကောက်ခွန်မျိုးစုံမှလည်းကောင်း၊
မိမိနိုင်ငံ၏ ရေထု၊ လေထု၊ မြေထုအတွင်းရှိ သဘာဝအရင်းအမြစ်များမှတစ်ဆင့်လည်းကောင်း၊ နိုင်ငံပိုင်
စီးပွားရေးလုပ်ငန်းများမှလည်းကောင်း ရရှိနိုင်သည်။
ဖက်ဒရယ်နိုင်ငံများ၏ ဖွဲ့စည်းပုံအခြေခံဥပဒေများတွင် အကောက်ခွန်များ ကောက်ခံနိုင်ခွင့်နှင့်
ပတ်သက်၍ သီးခြားဖော်ပြထားလေ့ရှိသည်။ ကနေဒါနှင့် ဆွစ်ဇာလန်တို့တွင် ဗဟိုအစိုးရသည် နိုင်ငံဝင်ငွေ
စုစုပေါင်း၏ ၄၅ ရာခိုင်နှုန်းကို ရယူသည်။ အမေရိကန်တွင် ၅၄ ရာခိုင်နှုန်းကို ဗဟိုက ရယူသည်။
နိုင်ငံဝင်ငွေစုစုပေါင်း၏ ၆၀ မှ ၇၅ ရာခိုင်နှုန်းအထိကို ဗဟိုအစိုးရက ရယူထားသော ဖက်ဒရယ်
နိုင်ငံများလည်း ရှိသည်။ဥပမာဆိုရသော် ဩစတြေးလျ၊ ဘရားဇီး၊ အိန္ဒိယ၊ ဂျာမဏီ တို့ဖြစ်ကြသည်။
အချို့သော ဖက်ဒရယ်နိုင်ငံများတွင်မူ ဗဟိုအစိုးရသည် လွန်စွာ များပြားသော ဝင်ငွေအချိုးအစားကို
ရယူထားတတ်သည်။ ဥပမာ - နိုင်ဂျီးရီးယား၊ မက္ကဆီကို၊ ရုရှားစသည့်ဖက်ဒရယ်နိုင်ငံများတွင်
ဗဟိုအစိုးရသည် နိုင်ငံတော်ဝင်ငွေအားလုံး၏ ၈၀ရာခိုင်နှုန်းအထိ ရယူထားသည်။
ဖက်ဒရယ်နိုင်ငံအများစုတွင် ဗဟိုအစိုးရများသည် မိမိတို့သုံးစွဲရန်လိုအပ်သော ငွေကြေး ပမာဏ
ထက် ပိုမိုများပြားသော ဝင်ငွေကို ရရှိလေ့ရှိသည်။ ထိုအခါ ဗဟိုအစိုးရသည် ပြည်နယ်အစိုးရများထံသို့
ဘဏ္ဍာငွေ လွှဲပြောင်းပေးအပ်ကြသည်။ ဖက်ဒရယ်နိုင်ငံများတွင် ဘဏ္ဍာငွေ အခွန်ကောက်ခံခြင်း၊ လွှဲပြောင်း
ပေးအပ်ခြင်း၊ ခွဲဝေမျှတခြင်းတို့နှင့် ပတ်သက်၍ အငြင်းပွား ဆွေးနွေးစရာတို့ များစွာရှိနေသည်။ နိုင်ငံ
အလိုက်လည်း လွန်စွာ ကွဲပြားခြားနားနိုင်သည်။
11
ဖက်ဒရယ်နိုင်ငံနှင့် လက်နက်ကိုင်တပ်များ
ဖက်ဒရယ်နိုင်ငံတစ်ရပ်၏ စစ်တပ်ဖွဲ့စည်းပုံစနစ်သည် တစ်ပြည်ထောင်နိုင်ငံများနှင့် အနည်းငယ်
ကွာခြားတတ်သည်။ နိုင်ငံအတွင်း လက်နက်ကိုင်တပ်များကို ဖြန့်ကျက်ခွဲဝေထားသည့် ဖက်ဒရယ် နိုင်ငံများ
လည်း ရှိသည်။ စစ်တပ်ကို ဗဟိုအစိုးရ၏ ထိန်းချုပ်မှုအောက်တွင် အများအားဖြင့် ထားလေ့ရှိကာ ရဲတပ်ဖွဲ့၊
နယ်ခြားစောင့်တပ်နှင့် လုံခြုံရေးတပ်ဖွဲ့များကမူ ပြည်နယ်အစိုးရများ၏ စီမံမှုလက်အောက်တွင် ရှိတတ်
သည်။
အချို့သော ဖက်ဒရယ်နိုင်ငံများတွင် စစ်တပ်ကို လူမျိုးရေးအရ၊ ဘာသာစကားအရ၊ ကိုးကွယ်
ယုံကြည်မှုအရ ပိုင်းခြားကာ တပ်ရင်း တပ်ဖွဲ့များ ဖွဲ့စည်းထားတတ်သည်။ တိုင်းရင်းသားလူမျိုးစုများ၏
လူဦးရေအချိုးအစားအရ စစ်တပ်ကို ကိုယ်စားပြုဖွဲ့စည်းသည့် ဖက်ဒရယ်နိုင်ငံများလည်း ရှိသည်။ သို့သော်
မှတ်သားထားရန်မှာ ဖက်ဒရယ်နိုင်ငံတွင် စစ်တပ်ကို မည်သို့မည်ပုံဖွဲ့စည်းရမည်ဟူ၍ ပုံသေသတ်မှတ်ထား
သော နည်းစနစ်မရှိပါ။ တစ်နိုင်ငံနှင့် တစ်နိုင်ငံအလိုက်များစွာကွဲပြားနိုင်သည်။
ဖက်ဒရယ်နိုင်ငံတော်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ
ဖက်ဒရယ်နိုင်ငံတစ်ရပ်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေသည် လွန်စွာ အရေးကြီးသည်။ အဘယ့်
ကြောင့်ဆိုသော် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ဗဟိုနှင့် ပြည်နယ်အစိုးရအဖွဲ့များအကြား အာဏာခွဲဝေမှု၊
တာဝန်ခွဲဝေမှု၊ ဘဏ္ဍာငွေ အခွန်ခွဲဝေမှု စသည်တို့ကို ပိုင်းခြားသတ်မှတ်ထားသောကြောင့် ဖြစ်သည်။
ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်းတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲ ပြဌာန်းထားသည်မဟုတ်သော်လည်း (ဥပမာ -
ဗြိတိန်၊ အစ္စရေး တို့တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ မရှိပါ) ကမ္ဘာ့ဖက်ဒရယ်နိုင်ငံတိုင်းတွင်မူ ဖွဲ့စည်းပုံ
အခြေခံဥပဒေရှိကြပါသည်။
အချို့သော ဖက်ဒရယ်နိုင်ငံများတွင် တစ်နိုင်ငံလုံးကို လွှမ်းခြုံအာဏာတည်သော ဗဟိုဖွဲ့စည်းပုံ
အခြေခံဥပဒေတစ်ရပ် တည်ရှိသည့်အပြင် သက်ဆိုင်ရာပြည်နယ်အလိုက် သို့မဟုတ် နယ်မြေယူနစ်အလိုက်
မိမိတို့ကိုယ်ပိုင် ဖွဲ့စည်းပုံအခြေခံဥပဒေများလည်း ရေးဆွဲပြဌာန်းထားတတ်သည်။ (ဥပမာ - အမေရိကန်
နိုင်ငံရှိ ပြည်နယ်များ) ဤတွင် သတိပြုရန်မှာ ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေသည် ဗဟိုအစိုးရဖွဲ့စည်းပုံ
အခြေခံဥပဒေနှင့် အနှစ်သာရအားဖြင့်၊ အခြေခံအားဖြင့် ဝိဝါဒကွဲလွဲမှုများ ရှိမနေရန်ပင် ဖြစ်သည်။
ဖက်ဒရယ်နိုင်ငံတစ်ရပ်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်များနှင့် စပ်လျဉ်း၍ အဓိပ္ပာယ်
ဖွင့်ဆိုရန်၊ အငြင်းပွားမှုများကို ဖြေရှင်းဆုံးဖြတ်ပေးရန် သီးခြားလွတ်လပ်သော အဖွဲ့အစည်းတစ်ခု တည်ရှိ
တတ်သည်။
အမေရိကန် တွင် - ပြည်ထောင်စုတရားရုံးချုပ် (Federal Supreme Court)
ဆွစ်ဇာလန် တွင် - ပါလီမန် (Parliament)
12
ဂျာမနီ တွင် - ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံး (Constitutional Court) စသည်ဖြင့်
ဖွဲ့စည်းပုံအခြေခံဥပဒေကို အဓိပ္ပာယ်ဖွင့်၊ အဆုံးအဖြတ်ပေးနိုင်သော အဖွဲ့သည် နိုင်ငံအလိုက် ကွဲပြားခြား
နားနိုင်သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်း
ဖက်ဒရယ်နိုင်ငံများတွင် ဖွဲ့စည်းပုံအခြေခံဥပဒေသည် အရေးကြီးသည့်အားလျော်စွာ ပြင်ဆင်ရန်
ကိစ္စသည် ရံဖန်ရံခါ ခက်ခဲတတ်သည်။ အမေရိကန်နိုင်ငံတွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန်
အနည်းဆုံး ကွန်ဂရက်လွှတ်တော်၏ သုံးပုံနှစ်ပုံထောက်ခံမှုကို ရရှိရန်လိုပြီး ပြည်နယ် လွှတ်တော်များ
အားလုံး၏ လေးပုံသုံးပုံထောက်ခံမှုကိုလည်း ရရှိရန်လိုအပ်သည်။ ဘရာဇီးနိုင်ငံတွင် ဖွဲ့စည်းပုံအခြေခံ
ဥပဒေကို ပြင်ဆင်လိုပါက လွှတ်တော်နှစ်ရပ်လုံး၏ ၆၀ ရာခိုင်နှုန်းသော ထောက်ခံမှုနှင့် ပြည်နယ်များ၏
မဲအများစုထောက်ခံမှုကို လိုအပ်သည်။ ဩစတြေးလျတွင်မူ ပြည်သူ့ဆန္ဒခံယူပွဲ ထောက်ခံမှုဖြင့်သာ
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်မှုကို အတည်ပြုသည်။ အချို့ဖက်ဒရယ်နိုင်ငံများ၌မူ ဖွဲ့စည်းပုံအခြေခံဥပဒေ
ကို သက်ဆိုင်ရာ အခန်းများ၊ ပုဒ်မများ၏ အရေးပါမှုအလိုက် ပြင်ဆင်ရန်နည်းလမ်းများကိုလည်း မတူကွဲပြား
စွာ သတ်မှတ်ထားတတ်သည်။ (ဥပမာ - အိန္ဒိယ)
ဖက်ဒရယ်နှင့် မြန်မာ့နိုင်ငံရေး
(ဤအခန်းမှစကာစာတမ်းရှင်သည် မြန်မာ့နိုင်ငံရေးနှင့် ဖက်ဒရယ်စနစ်အပေါ် မိမိ၏ ကိုယ်ပိုင်အမြင်များကို
ဆွေးနွေးတင်ပြထားသည်)
ခရစ်နှစ် ၁၀၄၄အေဒီ၊ အနိရုဒ္ဓမင်း (အများအခေါ် - အနော်ရထာ) လက်ထက်မှ စတင်ရေတွက်
မည်ဆိုပါက သီပေါမင်း ပါတော်မူသည် ၁၈၈၅ ခုအထိဖြစ်သော နှစ်ပေါင်း ၈၄၀ကျော် မြန်မာ့သမိုင်းတွင်
ထွန်းကားရှင်သန်ခဲ့သည်မှာ သက်ဦးဆံပိုင် ပဒေသရာဇ်စနစ်ပင်ဖြစ်သည်။ ဘုန်းတန်ခိုးစွမ်းအားကြီးသော
ဘုရင်လက်ထက်တွင် မြန်မာဧကရာဇ်နိုင်ငံသည် ဩဇာသက်ရောက်သော နယ်နိမိတ် ကျယ်ဝန်းလေ့
ရှိသည်။ ထို့အတူ ဘုရင်ဖြစ်သူ ဘုန်းတေဇာနိမ့်ပါးသောကာလတွင် နိုင်ငံဩဇာနယ်နိမိတ် ကျဉ်းမြောင်း
တတ်သည်မှာလည်း သဘာဝပင်ဖြစ်သည်။ ဤသည်မှာလည်း သက်ဦးဆံပိုင်ဘုရင်စနစ် ထွန်းကားခဲ့သော
ကမ္ဘာပေါ်ရှိ နိုင်ငံများအားလုံးလိုလို ကြုံတွေ့ခဲ့ရသည့် သမိုင်းအတွေ့အကြုံပင် ဖြစ်သည်။
မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုးစုပေါင်း များစွာ အခြေချနေထိုင်ခဲ့ကြသည်။ ပထဝီဒေသ
အမျိုးမျိုးတွင် လူမျိုးစုအမျိုးမျိုး ဖြန့်ကျက်နေထိုင်သည့် နိုင်ငံတစ်နိုင်ငံလည်းဖြစ်သည်။ သမိုင်း ခေတ်ရေစီး
ကြောင်းတွင် ထိုလူမျိုးစုတိုင်းရင်းသားတို့သည် ဘုရင်တစ်ပါး၊ ခေါင်းဆောင်တစ်ဦး၏ အုပ်ချုပ်မှု
အာဏာစက်အောက်တွင် နေထိုင်ခဲ့ကြဖူးသလို ကိုယ့်ထီးကိုယ့်နန်း ကိုယ့်ကြငှန်းနှင့် နေထိုင်ခဲ့ကြသည့်
ခေတ်ကာလများလည်း ရှိခဲ့ကြသည်။ (ဥပမာ - မွန်၊ ရခိုင်)ဧကရာဇ် နေထွက်ဘုရင်ကို အခါအားလျော်စွာ
လက်ဆောင်ပဏ္ဏာ၊ သမီးကညာဆက်သရသည့် နယ်ရှင်ပယ်ရှင်၊ နယ်စားပယ်စားများ၊ စော်ဘွား
စော်ဖျားများ (တစ်နည်းဆိုရသော် နေဝင်ဘုရင်များ) ကြီးစိုးသည့် လူမျိုးစုများ၊ ပထဝီဒေသများလည်း
13
ရှိခဲ့ကြသည်။ နည်းပညာမတိုးတက်သေးသော ခေတ်ဖြစ်သည်နှင့်အညီ ထိုကာလများတွင် တစ်ဒေသနှင့်
တစ်ဒေသ၊ တစ်နယ်နှင့် တစ်နယ်၊ လူမျိုးစုတစ်ခုနှင့် တစ်ခု အချင်းချင်း ကူးလူးဆက်ဆံမှု၊ ထိတွေ့ရင်းနှီးမှု
သည် ယနေ့ခေတ်အတိုင်းအတာအရ နည်းပါးခဲ့မည်မှာ သေချာသည်။
အင်္ဂလိပ်ကိုလိုနီဘဝသို့ ရောက်ရှိသောအခါတွင် မြန်မာနိုင်ငံသည် ခေတ်သစ်စနစ်သစ်ကို စတင်
ထိတွေ့ခဲ့ရသည်။ အင်္ဂလိပ်တို့သည် မြန်မာနိုင်ငံ၏ သက်ဦးဆံပိုင်ဘုရင်စနစ်ကို ဖျက်သိမ်းကာ ဗျူရိုကရေစီ
ယန္တယားဖြင့် အစားထိုးခဲ့သည်။ ဒိုင်အာခီစနစ်၊ ၉၁ ဌာနအုပ်ချုပ်ရေးစနစ်၊ ၁၉၃၅အက်ဥပဒေစနစ်
စသည့်စနစ်ပုံစံများကို အင်္ဂလိပ်လက်အောက်ရှိ မြန်မာနိုင်ငံသည် တွေ့ကြုံခဲ့သည်။ ထိုစနစ်များအရ
ရွေးကောက်ပွဲ၊ ဒီမိုကရေစီ၊ ပြည်သူ့လွှတ်တော်၊ လွှတ်တော်အမတ်စသည်တို့ ပေါ်ပေါက်ထွန်းကား
လာခဲ့သည်။
လွတ်လပ်ပြီးခေတ်
ခရစ်နှစ် ၁၉၄၈တွင် လွတ်လပ်ရေးရရှိပြီးနောက် မြန်မာနိုင်ငံကို အုပ်ချုပ်ခဲ့သောစနစ်မှာ ၁၉၄၇
ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဝန်ကြီးချုပ်ဦးစီးသည့် စနစ်ဖြစ်သည်။ ထိုအခြေခံဥပဒေအရ မြန်မာနိုင်ငံသည်
အသွင်သဏ္ဍန်အားဖြင့် ဖက်ဒရယ်စနစ်ဆီသို့ ဦးတည်သည်ဟု ဆိုနိုင်သည်။ သို့သော် အနှစ်သာရအားဖြင့်မူ
ဖက်ဒရယ်ဝါဒစစ်စစ်ဟုလည်း မဆိုသာကြောင်း ပညာရှင်များက ဝေဖန်သည်။ဗိုလ်ချုပ်ကြီးနေဝင်းက ၁၉၆၂
ခုတွင် စစ်တပ်ဖြင့် အာဏာသိမ်းပိုက်ပြီးနောက်တွင် မြန်မာနိုင်ငံသည် စစ်အာဏာရှင်၊ တစ်ပါတီအာဏာရှင်
စသည့် ဒီမိုကရေစီဆိတ်သုန်းသော ဘဝသို့ ရောက်ရှိခဲ့ရသည်။
မြန်မာနိုင်ငံလွတ်လပ်ရေးရသည့်ကာလမှစ၍ တစ်ဆက်တည်းပေါ်ပေါက်ခဲ့သော ပြည်တွင်းစစ်
သည် နှစ်ပေါင်း ၆၀ကျော် ကြာမြင့်ခဲ့သည်နှင့်အမျှ ယခုအခါ ကမ္ဘာ့အရှည်ကြာဆုံးသော ပြည်တွင်းစစ်
တစ်ခုအဖြစ် မှတ်တမ်းဝင်ခဲ့ပြီး ဖြစ်သည်။ အာဏာရအစိုးရကို အကြောင်းအမျိုးမျိုးဖြင့် တော်လှန်ပုန်ကန်
သော သူပုန်အဖွဲ့များအနက် ယခုအချိန်ထိ သက်တမ်းရှည်ကျန်ရှိနေသောအဖွဲ့များသည် ဗမာလူမျိုး
မဟုတ်သော တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများ ဖြစ်သည်။ အဆိုပါ လက်နက်ကိုင် တိုင်းရင်းသား
အင်အားစုများ၏ လိုလားတောင်းဆိုချက်များကို လေ့လာမည်ဆိုပါ တန်းတူညီမျှရေး၊ ဖက်ဒရယ်ရေး၊
လူမျိုးကြီးဝါဒမကျင့်သုံးရေး၊ ဒီမိုကရေစီရေး၊ ဖွံ့ဖြိုးတိုးတက်ရေး စသည့်အချက်တို့သည် ထိပ်ဆုံးမှ
ပါဝင်နေသည်ကို တွေ့ရှိနိုင်သည်။
စီးပွားရေးဖွံ့ဖြိုးမှု နည်းသော နိုင်ငံများတွင် ပြည်တွင်းစစ်ဖြစ်ရန် အလားအလာ များသည်။ တစ်ဖန်
အကြင်နိုင်ငံတစ်ရပ်သည် ပြည်တွင်းစစ်ဖြစ်နေသည်ဆိုပါက စီးပွားရေးအရ ဖွံ့ဖြိုးတိုးတက်ရန်မှာ များစွာ
နှောင့်နှေးနိုင်ပါသည်။ စီးပွားလူမှုဘဝ နိမ့်ကျသော နိုင်ငံတစ်ရပ်သည် နိုင်ငံရေးအားဖြင့် တည်ငြိမ်မှု
အားနည်းတတ်ပါသည်။ ထို့ပြင်ပြည်တွင်းစစ်ဖြစ်နေသော နိုင်ငံတစ်ရပ်တွင် လက်နက်ကိုင်စစ်တပ်၏
အခန်းကဏ္ဍသည် အရေးပါလာသည်။ စစ်ဘောင်ကျယ်လာသည့်နှင့်အမျှ ဒီမိုကရေစီဘောင်၊ အရပ်သား
နိုင်ငံရေးဘောင်သည် ကျဉ်းကျဉ်းသွားရသည်မှာလည်း သဘာဝပင်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံရေး၊
စီးပွားရေး နှင့် ပြည်တွင်းစစ်တို့သည် တစ်ခုနှင့်တစ်ခု အညမညသဘောရှိသည်ဟု ဆိုနိုင်သည်။
14
ဖွဲ့စည်းပုံအခြေခံဥပဒေ၂၀၀၈
ခရစ် ၂၀၁၁ နောက်ပိုင်း မြန်မာနိုင်ငံတွင် နိုင်ငံရေးအရ တစ်စုံတရာသော ပြုပြင်ပြောင်းလဲမှုများ
ပေါ်ပေါက်တိုးတက်လာသည်မှာ အငြင်းပွားဖွယ်မရှိပေ။ ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈တွင် ဒီမိုကရေ
နည်းလမ်းမကျသော၊ ဒီမိုကရေစီ၏ အခြေခံမူဘောင် သဘောများနှင့် လုံးဝဆန့်ကျင်နေသော ပြဌာန်းချက်
ပုဒ်မပေါင်း များစွာပါဝင်နေသည်ကို လေ့လာတွေ့ရှိနိုင်သည်။ ထို့ပြင် စစ်တပ်၏ အရေးပါမှုအခန်း ကဏ္ဍကို
လည်း သိသာစွာ ဖော်ပြသတ်မှတ်ထားပြန်သည်။
တစ်ဖန် တိုင်းရင်းသားညီနောင်များ လိုလားတောင်းဆိုကြသော ဖက်ဒရယ်စနစ်အမြင်ရှုထောင့်မှ
ကြည့်မည်ဆိုပါကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေ၂၀၀၈သည် ပုံသဏ္ဍန်အားဖြင့် ဖက်ဒရယ်သဘောဆောင်
သော်လည်း အာဏာခွဲဝေမှုသဘော၊ အနှစ်သာရအားဖြင့် ဖက်ဒရယ်စနစ် ပီပီပြင်ပြင်မဟုတ်သေးသည်ကို
တွေ့ရှိရသည်။ မည်သို့ပင်ဆိုစေကာမူ နိုင်ငံရေးအရ၊ စီးပွားရေးအရ၊ ပြည်တွင်းငြိမ်းချမ်းရေး ကြိုးပမ်းမှု
များအရ ယခင်ကာလများနှင့် နှိုင်းယှဉ်ပါက တိုးတက်လာသည်ဟု ယေဘုယျအားဖြင့် ဆိုကောင်းဆို
နိုင်ပါသည်။
မြန်မာနိုင်ငံသည် သမိုင်းကြောင်းအရလည်းကောင်း၊ ပထဝီအနေအထားအရ လည်းကောင်း၊
လူမျိုးစုကွဲပြားခြားနားမှုအရလည်းကောင်း ဖက်ဒရယ်စနစ်နှင့် အထူးသင့်လျော်သည်ဟု (ကျနော်) ယူဆသ
ည်။ ပြောရလျှင် အချို့သော ပြည်နယ်များဆိုပါက ဘာသာရေးအရ ဗမာပြည်မနှင့် ကွဲပြားမှုပင်ရှိသည်။
(ဥပမာ - ချင်းပြည်နယ်၊ ကချင်ပြည်နယ်)
သွားရမည့် ခရီး
ယနေ့ မြန်မာ့နိုင်ငံရေးတွင် ခက်ခဲသိမ်မွေ့သည်နှင့်အမျှ အရေးလည်းကြီးသော အပြောင်းအလဲကြီး
သုံးရပ်ကို တစ်ပြိုက်နက်တည်း ဆောက်ရွက်ရန်လိုနေသည်။ ၎င်းတို့မှာ -
၁။ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု
၂။ စီးပွားရေးပြုပြင်ပြောင်းလဲမှု
၃။ ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောင်မှု တို့ပင်ဖြစ်သည်။ အထက်ပါ ကိစ္စကြီးသုံးရပ်သည်လည်း
တစ်ခုနှင့်တစ်ခု အညမညဆက်စပ်လျက်ရှိကြောင်း ဖော်ပြခဲ့ပြီးဖြစ်သည်။
ပြည်တွင်းငြိမ်းချမ်းရေးဟုဆိုသည်နှင့် ဖက်ဒရယ်ဟူသောစကားရပ်သည် ဆက်တိုက် နောက်ကပါ
လာပြီးဖြစ်သည်ကို မြန်မာ့နိုင်ငံရေးနှင့် ကျွမ်းဝင်သူတိုင်း သိနားလည်ပြီးဖြစ်သည်။ ခေတ်အဆက်ဆက်
အာဏာရှင်အစိုးရများ၏ ဝါဒဖြန့်ဝေမှုမှိုင်းကြောင့် သာမန်မြန်မာပြည်သူအချို့သည် ဖက်ဒရယ်ဟုဆိုလျှင်
ခွဲထွက်ရေးဝါဒကြီးဟု မှားယွင်းစွာ နားလည်နေတတ်ကြသည်။ အမှန်မှာ ဖက်ဒရယ်စနစ်ဟူသည်
ဗဟိုထိန်းချုပ်မှုကို လျော့ချခြင်း (Decentralization) ပင်ဖြစ်သည်။ ဖက်ဒရယ်စနစ်နှင့် ဒီမိုကရေစီ
သည်လည်း နီးကပ်စွာ ဆက်စပ်နေသည်။ ဖက်ဒရယ်စနစ်သည် ဒီမိုကရေစီသဘောတရား အားကောင်း
ရှင်သန်မှသာ ရေရှည်အလုပ်ဖြစ် ရပ်တည်နိုင်မည်ဖြစ်သည်။
15
မြန်မာနိုင်ငံသည် ကမ္ဘာ့အဆင်းရဲဆုံးသော နိုင်ငံများထဲတွင် စာရင်းဝင်လျက်ရှိသည်။ ဤမျှ
သဘာဝအရင်းအမြစ်ပေါကြွယ်ဝသော၊ ရာသီဥတုပတ်ဝန်းကျင် မျှတသော၊ လူဦးရေနှင့် နိုင်ငံအကျယ်
အဝန်း သင့်တင့်သော (ပြောရလျှင် လူဦးရေမှာ နည်းနေသေးသည်ဟုပင် ဆိုနိုင်သည်)၊ နိုင်ငံတစ်ရပ်သည်
မုချချမ်းသာရမည်ဟု မဆိုနိုင်သော်လည်း အဆင်းရဲဆုံးနိုင်ငံစာရင်းတွင် ပါဝင်နေခြင်းမှာမူ မဖြစ်သင့်လှပေ။
ဤသို့ ဖြစ်နေရခြင်းမှာ အဘယ့်ကြောင့်နည်း။ အုပ်စိုးသူ အစိုးရအဆက်ဆက်၏ နိုင်ငံရေးနှင့် စီးပွားရေး
သဘောအရ စီမံခန့်ခွဲမှုအလွဲများ၊ စနစ်အမှားများသည် ပဓာနလက်သည်ဟု (ကျနော်) ဆိုချင်ပါသည်။
ယနေ့အခါ မြန်မာနိုင်ငံရေးမိုးလေဝသသည် အနည်းငယ်သာယာသလို ဖြစ်လာပါသည်။ သို့သော်
ကျွန်ုပ်တို့ ဆောင်ရွက်ရန်များစွာ ရှိနေသေးသည်။ ကျန်နေသေးသည်။
သွားရမည့်ခရီးကား ဝေးသေး၏။
ဤစာတမ်းကို စာတမ်းရှင်သင်ကြားသည့် နိုင်ငံရေးသင်တန်းများ
၌ ဖက်ဒရယ်လစ်ဇင်သင်ခန်းစာတွင် ဖတ်စာအဖြစ် ဖြန့်ချိခဲ့ဖူးပါ
သည်။ ယခုအခါ Online Journal အဖြစ် ဆက်လက် ဖြန့်ချိအပ်
ပါသည်။
အယ်ဒီတာ
16
နောက်ဆက်တွဲ - ၁
ကမ္ဘာ့ဖက်ဒရယ်နိုင်ငံများစာရင်း
1. Argentina
2. Australia
3. Austria
4. Belgium
5. Bosnia and Herzegovina
6. Brazil
7. Canada
8. Comoros
9. Ethiopia
10. Germany
11. India
12. Malaysia
13. Mexico
14. Micronesia
15. Nigeria
16. Pakistan
17. Russia
18. St. Kitts and Nevis
19. Serbia and Montenegro
20. South Africa
21. Spain
22. Switzerland
23. United Arab Emirates
24. United States of America
25. Venezuela
17
နောက်ဆက်တွဲ - ၂၊ ဗဟိုအစိုးရနှင့် ပြည်နယ်အစိုးရများအကြား အာဏာခွဲဝေမှုအချို့
စဉ် ကဏ္ဍများ ဗဟိုအစိုးရ ပြည်နယ်အစိုးရ မှတ်ချက်
၁ ကာကွယ်ရေးနှင့် လုံခြုံရေး
(စစ်တပ်)

၂ နိုင်ငံခြားရေး 
၃ ငွေစက္ကူထုတ်ဝေရေး 
၎ အကောက်ခွန် 
၅ ကုန်သွယ်ရေး 
၆ စာတိုက်၊ ကြေးနန်းနှင့်
ဆက်သွယ်ရေး
  ရံဖန်ရံခါ မျှဝေ သို့
ပူးတွဲဆောင်ရွက်
၇ တရားစီရင်ရေး   ရံဖန်ရံခါ မျှဝေ သို့
ပူးတွဲဆောင်ရွက်
၈ ပညာရေး   အတန်းအဆင့်ကိုလိုက်၍
ပြောင်းလဲတတ်
၉ ကျန်းမာရေး 
၁၀ လုံခြုံရေး (ရဲ) 
၁၁ နိုင်ငံသားဖြစ်မှု 
၁၂ လူမှုဖူလုံရေး 
၁၃ ဆိပ်ကမ်း   အရွယ်အစားနှင့်
အရေးပါမှုကို မူတည်လေ့ရှိ
၁၄ ဘဏ်   ရံဖန်ရံခါ မျှဝေ သို့
ပူးတွဲဆောင်ရွက်

More Related Content

More from aungkokotoe

China factors on Myanmar
China factors on MyanmarChina factors on Myanmar
China factors on Myanmaraungkokotoe
 
Burmese Writing Methods
Burmese Writing MethodsBurmese Writing Methods
Burmese Writing Methodsaungkokotoe
 
Strategic loaction of myanmar by min thayt
Strategic loaction of myanmar by min thaytStrategic loaction of myanmar by min thayt
Strategic loaction of myanmar by min thaytaungkokotoe
 
Myanmar geopolitics by min thayt
Myanmar geopolitics by min thaytMyanmar geopolitics by min thayt
Myanmar geopolitics by min thaytaungkokotoe
 
Myanmar transition to democracy
Myanmar transition to democracyMyanmar transition to democracy
Myanmar transition to democracyaungkokotoe
 
Introduction to politics
Introduction to politicsIntroduction to politics
Introduction to politicsaungkokotoe
 
Chinese fever by min thayt
Chinese fever by min thaytChinese fever by min thayt
Chinese fever by min thaytaungkokotoe
 
Icc and arab spring by aung ko ko toe
Icc and arab spring by aung ko ko toeIcc and arab spring by aung ko ko toe
Icc and arab spring by aung ko ko toeaungkokotoe
 
Population by Aung Ko Ko Toe
Population by Aung Ko Ko ToePopulation by Aung Ko Ko Toe
Population by Aung Ko Ko Toeaungkokotoe
 
How nationalism
How nationalism How nationalism
How nationalism aungkokotoe
 
The rise of nationalism
The rise of nationalismThe rise of nationalism
The rise of nationalismaungkokotoe
 
Book review album number three
Book review album number threeBook review album number three
Book review album number threeaungkokotoe
 
Book review album number two
Book review album number twoBook review album number two
Book review album number twoaungkokotoe
 
Book review album number one
Book review album number oneBook review album number one
Book review album number oneaungkokotoe
 
Min thayt's book
Min thayt's bookMin thayt's book
Min thayt's bookaungkokotoe
 
Identity politics
Identity politicsIdentity politics
Identity politicsaungkokotoe
 
Brief History of National League for Democracy (Burmese)
Brief History of National League for Democracy (Burmese)Brief History of National League for Democracy (Burmese)
Brief History of National League for Democracy (Burmese)aungkokotoe
 
Member of Parliment for Burma Representative (Burmese)
Member of Parliment for Burma Representative (Burmese)Member of Parliment for Burma Representative (Burmese)
Member of Parliment for Burma Representative (Burmese)aungkokotoe
 
Critical thinking (burmese)
Critical thinking (burmese)Critical thinking (burmese)
Critical thinking (burmese)aungkokotoe
 

More from aungkokotoe (20)

China factors on Myanmar
China factors on MyanmarChina factors on Myanmar
China factors on Myanmar
 
Burmese Writing Methods
Burmese Writing MethodsBurmese Writing Methods
Burmese Writing Methods
 
Strategic loaction of myanmar by min thayt
Strategic loaction of myanmar by min thaytStrategic loaction of myanmar by min thayt
Strategic loaction of myanmar by min thayt
 
Myanmar geopolitics by min thayt
Myanmar geopolitics by min thaytMyanmar geopolitics by min thayt
Myanmar geopolitics by min thayt
 
Myanmar transition to democracy
Myanmar transition to democracyMyanmar transition to democracy
Myanmar transition to democracy
 
Introduction to politics
Introduction to politicsIntroduction to politics
Introduction to politics
 
Chinese fever by min thayt
Chinese fever by min thaytChinese fever by min thayt
Chinese fever by min thayt
 
Icc and arab spring by aung ko ko toe
Icc and arab spring by aung ko ko toeIcc and arab spring by aung ko ko toe
Icc and arab spring by aung ko ko toe
 
Population by Aung Ko Ko Toe
Population by Aung Ko Ko ToePopulation by Aung Ko Ko Toe
Population by Aung Ko Ko Toe
 
How nationalism
How nationalism How nationalism
How nationalism
 
The rise of nationalism
The rise of nationalismThe rise of nationalism
The rise of nationalism
 
Book review album number three
Book review album number threeBook review album number three
Book review album number three
 
Book review album number two
Book review album number twoBook review album number two
Book review album number two
 
Book review album number one
Book review album number oneBook review album number one
Book review album number one
 
Min thayt's book
Min thayt's bookMin thayt's book
Min thayt's book
 
Nationalism
NationalismNationalism
Nationalism
 
Identity politics
Identity politicsIdentity politics
Identity politics
 
Brief History of National League for Democracy (Burmese)
Brief History of National League for Democracy (Burmese)Brief History of National League for Democracy (Burmese)
Brief History of National League for Democracy (Burmese)
 
Member of Parliment for Burma Representative (Burmese)
Member of Parliment for Burma Representative (Burmese)Member of Parliment for Burma Representative (Burmese)
Member of Parliment for Burma Representative (Burmese)
 
Critical thinking (burmese)
Critical thinking (burmese)Critical thinking (burmese)
Critical thinking (burmese)
 

Jss (letter 5) - copy

  • 1. ဖေဖော်ဝါရီ ၂၀၁၅ / အတွဲ(၁) အမှတ် (၁) ဖက်ဒရယ်စနစ် မိတ်ဆက် ဒေါက်တာတေဇာစန်း (ခြုံငုံဖော်ပြချက် - ဤစာတမ်း၌ စာရေးသူသည် ဖက်ဒရယ်စနစ်ဟူသည် အဘယ်နည်း၊ ပေါ်ပေါက်လာပုံ သမိုင်းအကျဉ်း၊ ယနေ့ကမ္ဘာ့နိုင်ငံအချို့ ဤစနစ်ကို လက်တွေ့ကျင့်သုံးနေပုံ၊ ဖက်ဒရယ်စနစ်၏ သဘောသဘာဝနှင့် အားသာချက်၊ အားနည်းချက်များကို သုံးသပ်ဖော်ပြထားသည်။ ထို့ပြင် ဖက်ဒရယ်နိုင်ငံတစ်ရပ်၏ လွှတ်တော်များအကြောင်း၊ နယ်မြေယူနစ်ပိုင်းခြားသတ်မှတ်ပုံနည်းလမ်းများ၊ ဗဟိုအစိုးရနှင့် ပြည်နယ်အစိုးရများအကြား အာဏာခွဲဝေမှု၊ ဘဏ္ဍာရေးအရ မျှဝေခွဲခြားပုံကို ဝေဖန်ဖော်ပြသည်။ ဖက်ဒရယ်နိုင်ငံရှိ လက်နက်ကိုင်တပ်များ ဖွဲ့စည်းပုံနှင့် အခန်းကဏ္ဍ၊ ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေ စသည်တို့ကိုလည်း သုံးသပ်ဝေဖန်ထားသည်။ နိဂုံး၌ စာတမ်းရှင်သည် မြန်မာ့နိုင်ငံရေးနှင့် ဖက်ဒရယ်စနစ်တို့အပေါ် သူ၏ ကိုယ်ပိုင်အမြင်ကို ဆွေးနွေးတင်ပြထားသည်) အယ်ဒီတာ ဖေဖော်ဝါရီ ၂၀၁၅ / အတွဲ(၁) အမှတ် (၁) ဖက်ဒရယ်စနစ် မိတ်ဆက် ဒေါက်တာတေဇာစန်း (ခြုံငုံဖော်ပြချက် - ဤစာတမ်း၌ စာရေးသူသည် ဖက်ဒရယ်စနစ်ဟူသည် အဘယ်နည်း၊ ပေါ်ပေါက်လာပုံ သမိုင်းအကျဉ်း၊ ယနေ့ကမ္ဘာ့နိုင်ငံအချို့ ဤစနစ်ကို လက်တွေ့ကျင့်သုံးနေပုံ၊ ဖက်ဒရယ်စနစ်၏ သဘောသဘာဝနှင့် အားသာချက်၊ အားနည်းချက်များကို သုံးသပ်ဖော်ပြထားသည်။ ထို့ပြင် ဖက်ဒရယ်နိုင်ငံတစ်ရပ်၏ လွှတ်တော်များအကြောင်း၊ နယ်မြေယူနစ်ပိုင်းခြားသတ်မှတ်ပုံနည်းလမ်းများ၊ ဗဟိုအစိုးရနှင့် ပြည်နယ်အစိုးရများအကြား အာဏာခွဲဝေမှု၊ ဘဏ္ဍာရေးအရ မျှဝေခွဲခြားပုံကို ဝေဖန်ဖော်ပြသည်။ ဖက်ဒရယ်နိုင်ငံရှိ လက်နက်ကိုင်တပ်များ ဖွဲ့စည်းပုံနှင့် အခန်းကဏ္ဍ၊ ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေ စသည်တို့ကိုလည်း သုံးသပ်ဝေဖန်ထားသည်။ နိဂုံး၌ စာတမ်းရှင်သည် မြန်မာ့နိုင်ငံရေးနှင့် ဖက်ဒရယ်စနစ်တို့အပေါ် သူ၏ ကိုယ်ပိုင်အမြင်ကို ဆွေးနွေးတင်ပြထားသည်) အယ်ဒီတာ ဖေဖော်ဝါရီ ၂၀၁၅ / အတွဲ(၁) အမှတ် (၁) ဖက်ဒရယ်စနစ် မိတ်ဆက် ဒေါက်တာတေဇာစန်း (ခြုံငုံဖော်ပြချက် - ဤစာတမ်း၌ စာရေးသူသည် ဖက်ဒရယ်စနစ်ဟူသည် အဘယ်နည်း၊ ပေါ်ပေါက်လာပုံ သမိုင်းအကျဉ်း၊ ယနေ့ကမ္ဘာ့နိုင်ငံအချို့ ဤစနစ်ကို လက်တွေ့ကျင့်သုံးနေပုံ၊ ဖက်ဒရယ်စနစ်၏ သဘောသဘာဝနှင့် အားသာချက်၊ အားနည်းချက်များကို သုံးသပ်ဖော်ပြထားသည်။ ထို့ပြင် ဖက်ဒရယ်နိုင်ငံတစ်ရပ်၏ လွှတ်တော်များအကြောင်း၊ နယ်မြေယူနစ်ပိုင်းခြားသတ်မှတ်ပုံနည်းလမ်းများ၊ ဗဟိုအစိုးရနှင့် ပြည်နယ်အစိုးရများအကြား အာဏာခွဲဝေမှု၊ ဘဏ္ဍာရေးအရ မျှဝေခွဲခြားပုံကို ဝေဖန်ဖော်ပြသည်။ ဖက်ဒရယ်နိုင်ငံရှိ လက်နက်ကိုင်တပ်များ ဖွဲ့စည်းပုံနှင့် အခန်းကဏ္ဍ၊ ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေ စသည်တို့ကိုလည်း သုံးသပ်ဝေဖန်ထားသည်။ နိဂုံး၌ စာတမ်းရှင်သည် မြန်မာ့နိုင်ငံရေးနှင့် ဖက်ဒရယ်စနစ်တို့အပေါ် သူ၏ ကိုယ်ပိုင်အမြင်ကို ဆွေးနွေးတင်ပြထားသည်) အယ်ဒီတာ
  • 2. 2 ဖက်ဒရယ်စနစ် မိတ်ဆက် မိတ်ဆက် ယနေ့ ကမ္ဘာ့လူဦးရေ သန်း ၇၀၀၀ ၏ ၄၀ရာခိုင်နှုန်းသည် ဖက်ဒရယ်စနစ်ကျင့်သုံးသော နိုင်ငံများတွင် နေထိုင်လျက်ရှိသည်။ကမ္ဘာနိုင်ငံပေါင်း ၂၀၀နီးပါးအနက်၂၅ နိုင်ငံခန့်သည် ဖက်ဒရယ်စနစ်ကို အသွင်အမျိုးမျိုးဖြင့် ကျင့်သုံးနေကြသည်။(ကမ္ဘာပေါ်ရှိ ဖက်ဒရယ်စနစ်ကျင့်သုံးသော နိုင်ငံများစာရင်းကို နောက်ဆက်တွဲ - ၁၌ ရှုပါ) ၎င်းနိုင်ငံများတွင် ကမ္ဘာ့အချမ်းသာဆုံးသော အမေရိကန်နိုင်ငံပါဝင်သလို အဆင်းရဲဆုံးစာရင်းဝင် အီသီယိုးပီးယားနိုင်ငံလည်း ပါဝင်သည်။ ကမ္ဘာ့ပေါ်တွင် လူဦးရေအများဆုံးရှိသော ဒီမိုကရေစီနိုင်ငံကြီး အိန္ဒိယသည် ဖက်ဒရယ်စနစ်ကျင့်သုံးနေသကဲ့သို့ ကမ္ဘာ့အသေးငယ်ဆုံး နိုင်ငံများဖြစ်သော မိုက်ခရိုနီးဆီးယား (Micronesia)၊ စိန့်ကစ်နှင့် နီးဗစ် (Saint Kitts and Nevis) တို့သည်လည်း ဖက်ဒရယ်နိုင်ငံများ ဖြစ်ကြသည်။ ဖက်ဒရယ်စနစ်ဟူသည် အဘယ်နည်း။ ဖက်ဒရယ်စနစ်ဟူသည် အင်္ဂလိပ်ဘာသာစကား Federalismကို တိုက်ရိုက်အားဖြင့် မြန်မာမှုပြုထားခြင်းဖြစ်သည်။ Federalism ဟူသောဝေါဟာရသည် မူလအားဖြင့် လက်တင်စကား Foedus မှ ဆင်းသက်လာသည်။ ၎င်းလက်တင်ဝေါဟာရကို အဓိပ္ပာယ်ပြန် ဆိုပါက သဘောတူညီခြင်း (Agreement)၊ အပြည်အလှန် ညှိုနှိုင်း၍ နှစ်ဦးနှစ်ဖက် သဘောတူဆုံးဖြတ်ခြင်း (Bargain)၊ နှစ်ဦးနှစ်ဖက် အတူတကွပူးပေါင်းကာ အကျိုးတူလုပ်ငန်းများ ဆောင်ရွက်ခြင်း (Contract)ဟူ၍ နားလည်နိုင်သည်။ အချို့ကမူ Federalismကို မူရင်းလက်တင်ဝေါဟာရပင်ဖြစ်သော Fides ဟူသော စကားလုံးနှင့် ဖလှယ်သုံးစွဲကြသည်။ ၎င်း Fides မှာမူ ယုံကြည်စိတ်ချမှု (Faith or Trust) ဟူ အဓိပ္ပာယ်ရသည်။ ထို့ကြောင့် Federalism ကို မြန်မာဘာသာဖြင့်ဆိုရပါက နှစ်ဦးနှစ်ဖက် အပြန်အလှန် လေးစားယုံကြည်၊ ပူးပေါင်းဆောင်ရွက်ကာ နိုင်ငံတစ်ခုကို အတူတကွ တည်ထောင်ခြင်း၊ ၎င်းနိုင်ငံတော်၏ အာဏာအရပ်ရပ်ကို ခွဲဝေကျင့်သုံးခြင်း ဟု တိုက်ရိုက်ပြန်ဆိုနိုင်သည်။ ယေဘုယျလက္ခဏာများ ဖက်ဒရယ်စနစ်ကို နိုင်ငံအမျိုးမျိုးတို့တွင် အသွင်သဏ္ဍန်အမျိုးမျိုးဖြင့် ကျင့်သုံးနေကြသော်လည်း ယေဘုယျအားဖြင့် အောက်ပါအချက်များအပေါ် အခြေခံစဉ်းစား သတ်မှတ်လေ့ရှိသည်။ ၁။ ဖက်ဒရယ်နိုင်ငံတစ်ရပ်တွင် အနည်းဆုံးအားဖြင့် အစိုးရအဖွဲ့ နှစ်ဖွဲ့၊ သုံးဖွဲ့ရှိရမည်။ တစ်ဖွဲ့မှာ တစ်နိုင်ငံလုံးအတွက် ဗဟိုအစိုးရဖြစ်၍ အခြားအဖွဲ့များမှာ ဒေသဆိုင်ရာအစိုးရ အဖွဲ့များဖြစ်သည်။ဤတွင် သိထားသင့်သည်မှာ ဒေသဆိုင်ရာ နယ်မြေယူနစ်များသည် သက်ဆိုင်ရာနိုင်ငံအလိုက် အမည်နာမအမျိုးမျိုး ရှိနိုင်သည်။ ဥပမာ - အမေရိကန်၊ အိန္ဒိယ၊ ဘရာဇီး တို့တွင် - State
  • 3. 3 ကနေဒါ၊ အာဂျင်တီးနား တို့တွင် - Province ဂျာမနီ၊ ဩစတြီးယား တို့တွင် - Lander ဆွစ်ဇာလန် တွင် - Canton အထက်ဖော်ပြပါ ဗဟိုနှင့် ဒေသဆိုင်ရာအစိုးရအဖွဲ့ဝင်များ၊ ဗဟိုလွှတ်တော်ကိုယ်စားလှယ်များ၊ ဒေသဆိုင် ရာ လွှတ်တော်ကိုယ်စားလှယ်များအားလုံးကို ပြည်သူလူထုမှ တိုက်ရိုက်ရွေးချယ်နိုင်သည့် ဖက်ဒရယ်နိုင်ငံ များရှိသကဲ့သို့ အချို့ကို တိုက်ရိုက်၊ အချို့ကိုမူ သွယ်ဝိုက်သောအားဖြင့်သာ ရွေးချယ်နိုင်သော နိုင်ငံများ လည်း ရှိပါသည်။ ၂။ ဖက်ဒရယ်နိုင်ငံတိုင်းတွင် ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲပြဌာန်းထားလေ့ရှိသည်။ ၎င်းဥပဒေတွင် ဗဟိုနှင့်ပြည်နယ်အစိုးရများအကြား လုပ်ပိုင်ခွင့်အာဏာခွဲဝေမှုကို သတ်မှတ်ဖော်ပြထားသည်။ ဖက်ဒရယ် နိုင်ငံများတွင် ဖွဲ့စည်းပုံအခြေခံဥပဒေသည် လွန်စွာတန်ခိုးကြီး၍ အသက်ဝင်သည်။ ဖက်ဒရယ်နိုင်ငံအချို့၏ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် မည်သည့်အာဏာများ (Specified Power)ကို ဗဟိုအစိုးရသို့ အပ်နှင်း၍ ကျန်ရှိသောအာဏာများ (Residual Power)ကို ပြည်နယ်အစိုးရသို့ အပ်နှင်းသည်ဟူ၍ ဖော်ပြထားတတ်ပြီး အချို့နိုင်ငံများတွင်မူ ကျန်ရှိအာဏာများ (Residual Power)ကို ဗဟိုအစိုးရသို့ လုပ်ပိုင်ခွင့် ပေးအပ်သည်လည်း ရှိတတ်ပါသည်။ (ဤတွင် ယေဘုယျအားဖြင့် မှတ်သားထားရန်မှာ ကျန်ရှိအာဏာ (Residual Power)ကို သုံးစွဲပိုင်ခွင့်ရှိသော အစိုးရအဖွဲ့သည် လုပ်ပိုင်ခွင့်အာဏာ ပိုမိုများပြားလေ့ရှိခြင်းပင် ဖြစ်သည်)အချို့နိုင်ငံများ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ၌ ဗဟိုအစိုးရကော၊ ပြည်နယ်အစိုးရပါ တစ်ပြိုင်တည်း ဆောင်ရွက်လုပ်ပိုင်ခွင့်ရှိသောအရာများ (Concurrent Power) ဟူ၍လည်း ပါရှိတတ်သည်။ (ဥပမာ - အိန္ဒိယ) ၃။ ဖွဲ့စည်းပုံအခြေခံဥပဒေသည် ဖက်ဒရယ်နိုင်ငံတစ်ရပ်၌ အရေးကြီးသည့်အားလျော်စွာ ၎င်းနှင့်ပတ်သက်၍ အခြေအတင် အငြင်းပွားဖွယ်ကိစ္စများ၊ အဓိပ္ပာယ်ဖွင့်ဆိုရှင်းလင်းရန် အကြောင်းအရာများ ပေါ်ပေါက် လာပါက ဖြေရှင်းဆုံးဖြတ်ပေးနိုင်သော သီးခြားလွတ်လပ်သည့် အဖွဲ့အစည်းတစ်ရပ်တည်ရှိရမည်ဖြစ်သည်။ ၎င်းအဖွဲ့အစည်းသည် သက်ဆိုင်ရာနိုင်ငံအလိုက် ကွဲပြားခြားနားနိုင်သည်။ ဥပမာ - အမေရိကန် တွင် - ပြည်ထောင်စုတရားရုံးချုပ် (Federal Supreme Court) ဆွစ်ဇာလန် တွင် - ပါလီမန် (Parliament) ဂျာမနီ တွင် - ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံး (Constitutional Court) သမိုင်းအကျဉ်း ယနေ့ ကမ္ဘာ့ပေါ်တွင် ဖက်ဒရယ်စနစ်ကျင့်သုံးနေကြသော နိုင်ငံများ၏ ဘိုးအေမှာ အမေရိကန် ပြည်ထောင်စုနှင့် ဆွစ်ဇာလန်နိုင်ငံတို့ဟု ဆိုရမည်ဖြစ်သည်။
  • 4. 4 ခရစ်နှစ် ၁၇၇၆ ခုတွင် အင်္ဂလိပ်လက်အောက်မှ လွတ်လပ်ရေးကြေငြာခဲ့သော အမေရိကန် နိုင်ငံသည်ပထမဆုံးအနေဖြင့် သီးခြားလွတ်လပ်သော ပြည်နယ် ၁၃ ခုဖြင့် ဖက်ဒရေးရှင်းနိုင်ငံတစ်ရပ်အဖြစ် ရပ်တည်ခဲ့သည်။ ကိုလိုနီဘဝမှ လွတ်မြောက်ရေးအတွက်သာ ပြည်နယ်များအချင်းချင်း ပူးပေါင်းခဲ့ကြ သော်လည်း ဗဟိုက လွှမ်းမိုးချုပ်ကိုင်သော အစိုးရတစ်ရပ်မျိုးကို အမေရိကန်ပြည်နယ်များသည် အလိုမရှိခဲ့ ပေ။ ထို့ကြောင့် လုပ်ပိုင်ခွင့်အာဏာအားလုံးလိုလိုကို ပြည်နယ်များသို့သာ အပ်နှင်းပေးထားခဲ့သည်။ခရစ် ၁၇၈၇ ခုနှစ်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေး အမျိုးသားညီလာခံကို ကျင်းပခဲ့သည်။ ၎င်းညီလာခံက ရေးဆွဲသည့် အခြေခံဥပဒေကို အတည်ပြုကာ ယခုအချိန်ထိ ဆက်လက်သုံးစွဲနေသောကြောင့် လက်ရှိ အမေရိကန်ဖွဲ့စည်းပုံအခြေခံဥပဒေသည် ကမ္ဘာပေါ်တွင် သက်တမ်းအရှည်ဆုံးသော ဖွဲ့စည်းပုံအခြေခံ ဥပဒေတစ်ရပ်ဖြစ်သည်။ ယခုအချိန်ထိ ၎င်းဥပဒေကို ပြင်ဆင်ချက် စုစုပေါင်း ၂၇ ချက်ရှိပြီးဖြစ်သည်။ အမေရိကန်နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကန့်သတ်ထားသော အာဏာအချို့ကို ဗဟိုအစိုးရ (သို့မဟုတ်) ဖက်ဒရယ်အစိုးရသို့ အပ်နှင်းထားပြီး ကျန်ရှိအာဏာများအားလုံးကို ပြည်နယ်အစိုးရများသို့ ပေးအပ်သည်။ ထို့ကြောင့် အမေရိကန်နိုင်ငံ၌ ပြည်နယ်များ၏ လုပ်ပိုင်ခွင့်အာဏာသည် ပိုမိုများပြားသည်ဟု ယေဘုယျအားဖြင့် ဆိုနိုင်သည်။ အမေရိကန်နှင့် နှိုင်းယှဉ်လေ့လာနိုင်သော ဖက်ဒရယ်နိုင်ငံတစ်ခုမှာ ကနေဒါဖြစ်သည်။ ခရစ် ၁၈၆၇ တွင်ပြဌာန်းခဲ့သော ဖွဲ့စည်းပုံအခြေခံဥပဒေအရ တစ်နိုင်ငံလုံးနှင့် သက်ဆိုင် သော အရေးကိစ္စဟုဆိုရမည့်နယ်ပယ်အခွင့်အာဏာများ (ဥပမာ - ကာကွယ်ရေးနှင့် လုံခြုံရေး၊ နိုင်ငံခြား ရေး) စသည်တို့ကို ဗဟိုအစိုးရသို့ လုပ်ပိုင်ခွင့် အပ်နှင်းထားပြီး ဘာသာစကား၊ ယဉ်ကျေးမှုဓလေ့ထုံးတမ်း၊ စသည့်လုပ်ပိုင်ခွင့်များကိုမူ ပြည်နယ်အစိုးရသို့ ပေးအပ်သည်။ သီးခြားဖော်ပြမထားသော ကြွင်းကျန် အာဏာ (Residual Power) များကို ဗဟိုအစိုးရသို့ လုပ်ပိုင်ခွင့် အပ်နှင်းသည်။ ထို့ကြောင့် ကနေဒါနိုင်ငံ၌ ဗဟိုအစိုးရသည် အာဏာပိုထက်သည်ဟု အကြမ်းဖျင်း ဆိုနိုင်သည်။ ဆွစ်ဇာလန်သည် တောင်တန်းများထူထပ်သည့် နိုင်ငံဖြစ်သည့်အားလျော်စွာ ရှေးခေတ်ကာလများ က ဒေသတစ်ခုနှင့် တစ်ခု ကူးလူးဆက်ဆံမှုအလွန်နည်းပါးခဲ့သည်။ ဆွစ်လူမျိုးများ၏ သဘောသဘာဝ သည်ပင် ဗဟိုအစိုးရထက် မိမိတို့ ဒေသဆိုင်ရာအစိုးရအဖွဲ့ကိုသာ သစ္စာခံအလေးပေးလိုစိတ်ရှိကြသည်ဟု ဆိုနိုင်သည်။ ဆွစ်ဇာလန်၏ ဗဟိုအစိုးရသည် လုပ်ပိုင်ခွင့်အာဏာ အနည်းငယ်ကိုသာ ရယူထားပြီး ကျန်အာဏာအများစုကို ဒေသဆိုင်ရာအစိုးရအဖွဲ့များက လုပ်ပိုင်ခွင့်ရရှိသည်။ အဘယ့်ကြောင့် ဖက်ဒရယ် ကမ္ဘာ့လူဦးရေ၏ ၄၀ရာခိုင်နှုန်းကျော်သည် ဖက်ဒရယ်နိုင်ငံများတွင် နေထိုင်ကြသည်။ အဆိုပါနိုင်ငံ များသည် ဖက်ဒရယ်စနစ်ကို မိမိတို့နိုင်ငံအသီးသီး၏ သမိုင်းကြောင်းနိုင်ငံရေး အနေအထားအရ လည်းကောင်း၊ လက်ရှိအခြေအနေနှင့် အခြားသော အကြောင်းခြင်းရာ အမျိုးမျိုးတို့ကြောင့်လည်းကောင်း၊ ရည်ရွယ်ချက်အမျိုးမျိုးတို့အရလည်းကောင်း လက်ခံ ကျင့်သုံးနေကြခြင်းဖြစ်သည်။ ဤတွင် မှတ်သားရန် ရှိသည်မှာ နိုင်ငံတစ်ခု၏ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ဖက်ဒရယ်နိုင်ငံဟု စာရွက်ပေါ်၌ ဖော်ပြထားတိုင်း အဆိုပါနိုင်ငံကို ဖက်ဒရယ်နိုင်ငံဟု မသက်မှတ်နိုင်သလို ဖက်ဒရယ်ဆိုသော စကားရပ်ကို မသုံးနှုန်း၊
  • 5. 5 မဖော်ပြသော်လည်း နိုင်ငံတစ်နိုင်ငံသည် လက်တွေ့အားဖြင့် ဖက်ဒရယ်ဝါဒကို အနှစ်သာရကျကျ လိုက်နာ ကျင့်သုံးနေပါက အဆိုပါနိုင်ငံကို ဖက်ဒရယ်နိုင်ငံဟု သက်မှတ်နိုင်သည်။ နိုင်ငံတစ်နိုင်ငံသည် ဖက်ဒရယ်စနစ်ကို အောက်ပါရည်ရွယ်ချက်များဖြင့် ကျင့်သုံးလေ့ရှိသည်။ - ၁။ ကွဲပြားခြားနားသော တိုင်းရင်းသားလူမျိုးစု (Ethnic) များ၏ သဘောထားများ၊ အလိုဆန္ဒများကို ဖြည့်ဆည်းပေးနိုင်ရန်။ - ၂။ကွဲပြားခြားနားသော ဘာသာစကား၊ ယဉ်ကျေးမှုဓလေ့ထုံးစံများ၊ စရိုက်သဘာဝ၊ အမျိုးသား သရုပ်သကန်များကို ထိန်းသိမ်းထားနိုင်ရန်။ - ၃။ ကွဲပြားခြားနားသော ဘာသာရေးအရ ကိုးကွယ်ယုံကြည်မှုကို လက်ခံထိန်းသိမ်းနိုင်ရန်။ - ၄။ ယေဘုယျအားဖြင့်ဆိုသော် မိမိတို့ဒေသတွင်း လိုအပ်ချက်များ၊ ပြဿနာများကို ဒေသခံလူထုကသာလျှင် အကောင်းဆုံးသိရှိနိုင်မည်ဖြစ်၍ အဆိုပါဒေသခံများကိုယ်တိုင် မိမိတို့အရေးကို မိမိတို့ စီမံဆုံးဖြတ်ပိုင်ခွင့် ရရှိရေး။ - ၅။ ဗဟိုအစိုးရ (ဝါ) ဖက်ဒရယ်အစိုးရနှင့် ဒေသအစိုးရတို့အကြား အပြန်အလှန် ထိန်းညှိဆောင်ရွက်နိုင်ရေး။ - ၆။ ဖက်ဒရယ်နိုင်ငံအတွင်းရှိ လူမျိုးစုများ၊ ဒေသများအားလုံးသည် တန်းတူညီမျှစွာဖြင့် ဥမကွဲသိုက်မပျက် ညီညွှတ်စည်ပင်စွာ နေထိုင်နိုင်ရေး။ အားသာချက်နှင့် အားနည်းချက် ဖက်ဒရယ်စနစ်တွင် အားသာချက်များရှိသလို အားနည်းချက်များလည်း ရှိနေသည်ကို လေ့လာ တွေ့ရှိနိုင်ပါသည်။ ပဓာန အားသာချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။ ၁။ ဖက်ဒရယ်စနစ်သည် လူဦးရေများပြားသော နိုင်ငံများ၊ ပထဝီနယ်မြေ ကျယ်ဝန်းသော နိုင်ငံများတွင် ကျင့်သုံးရန် ယေဘုယျအားဖြင့် အထူးသင့်လျော်သည်။ကမ္ဘာပေါ်ရှိ လူဦးရေအများဆုံးသော နိုင်ငံဆယ် နိုင်ငံအနက် ခြောက်နိုင်ငံသည်လည်းကောင်း၊ ပထဝီနယ်နိမိတ် အကျယ်ဆုံးသော ဆယ်နိုင်ငံအနက် ရှစ်နိုင်ငံသည်လည်းကောင်း ဖက်ဒရယ်စနစ်ကျင့်သုံးသော နိုင်ငံများ ဖြစ်နေခြင်းသည် ဤယူဆချက်ကို ကောင်းစွာထောက်ခံနေသည်။ ၂။ တိုင်းရင်းသားလူမျိုးစု (Ethnic) မျိုးကွဲများ ရှိသည့်နိုင်ငံတွင် ဖက်ဒရယ်စနစ်ကို ကျင့်သုံးပါက သင့်တော်ကောင်းမွန်သည်။အဘယ့်ကြောင့်ဆိုသော် အထက်၌ ဖော်ပြခဲ့သကဲ့သိုပင် ဖက်ဒရယ်စနစ်သည် လူမျိုးစုအသီးသီး၏ လိုလားချက်သဘောထားကို ယေဘုယျအားဖြင့် ဖြည့်ဆည်းပေးနိုင်သည်။ ၃။ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေးသဘောအရ မတူညီသော ဒေသအစိုးရအဖွဲ့ အသီးသီးသည် လည်းကောင်း၊ ဗဟိုအစိုးရသည်လည်းကောင်း အချင်းချင်း လေ့လာဆည်းပူးနိုင်သည်။ သင်ခန်းစာယူနိုင် သည်။ ပညာယူနိုင်သည်။ (Laboratory for Experimentation)
  • 6. 6 ၄။ ဖက်ဒရယ်စနစ်ကို ထိရောက်မှန်ကန်စွာ အသုံးပြုမည်ဆိုပါက စွမ်းဆောင်ရည်ပြည့်ဝမှု၊ လုပ်ပိုင်ခွင့် ထိရောက်သေချာခြင်း (Efficiency and Political Empowerment) တို့ရှိနိုင်သည်။ ဒေသအစိုးရအဖွဲ့သည် သက်မှတ်ထားသော မိမိတို့ဒေသတွင်း ကိစ္စရပ်များကိုသာ ဦးတည်ဆောင်ရွက်ရန်ဖြစ်သောကြောင့် အရာရာကို ဗဟို၏ ဆုံးဖြတ်ချက်၊ တုံ့ပြန်ချက်များကို စောင့်ဆိုင်းနေရန် မလိုပေ။ ထို့ပြင် ဗဟိုနှင့် ဒေသ အစိုးရအဖွဲ့တို့အကြား တာဝန်ခွဲဝေမှုပီပြင်သည်နှင့်အမျှ ဆောင်ရွက်ထွက်ပေါ်လာမည့် အကျိုးရလဒ် သည်လည်း ပိုမိုထိရောက်ပီပြင်မည်ဖြစ်သည်။ ဖက်ဒရယ်စနစ်သည် အလုံးစုံပြီးပြည့်စုံနေသော စနစ်တစ်ရပ်ပေလော။ ဤသို့လည်း မဟုတ်ပါ။ ၎င်းတွင်လည်း အားနည်းချက်များ၊ လိုအပ်ချက်များ ရှိတန်သလောက်ရှိပါသည်။ ပဓာနကျသော အားနည်း ချက်များမှာ - ၁။ ဖက်ဒရယ်နိုင်ငံတစ်ခုသည် နိုင်ငံလုံးဆိုင်ရာ အမျိုးသားရေးမူဝါဒချမှတ်ရန် ရံဖန်ရံခါ ခက်ခဲလေ့ရှိ တတ်သည်။ ၂။ ပညာရှင်များ၏ သုတေသနလေ့လာမှုများအရ ဖက်ဒရယ်နိုင်ငံသားတစ်ဦး အခြားနိုင်ငံသား များထက် နိုင်ငံတော်သို့ အခွန်ပိုမိုထမ်းဆောင်ရသည်။ ၃။ ဗဟိုအစိုးရနှင့် ဒေသအစိုးရတို့အကြား အာဏာ၊ တာဝန်ခွဲဝေမှု မပီပြင်၊ မရှင်းလင်းပါက၊ သို့မဟုတ် ခွဲဝေမှု နည်းလမ်းမကျ၊ မှားယွင်းနေသည်ဆိုပါက မလိုလားအပ်သော ဆိုးကျိုးများ ဖြစ်ပေါ်လာနိုင်သည်။ ပြည်သူလူထုအပေါ် တာဝန်ခံမှု မကွဲမပြားဖြစ်တတ်သည်။ ၄။ ဗဟိုအစိုးရနှင့် ဒေသအစိုးရများအကြား၊ ဒေသအစိုးရများ အချင်းချင်းအကြား သဘာဝ အရင်းအမြစ် အကျိုးစီးပွားခွဲဝေမှု၊ ဝင်ငွေ၊ အခွန်ခွဲဝေမှု၊ ဘတ်ဂျက်ခွဲဝေမှု စသည်တို့တွင် မညီမျှမှု များလည်း ရှိတတ်သည်။ ဖက်ဒရယ်စနစ်နှင့် လွှတ်တော် ကမ္ဘာ့ဖက်ဒရယ်နိုင်ငံတိုင်းလိုလိုတွင် လွှတ်တော်နှစ်ရပ်စနစ် (Bicameral System) ကိုကျင့်သုံး လေ့ရှိကြသည်။ (အထက်လွှတ်တော်နှင့် အောက်လွှတ်တော်)မှတ်သားထားရန်မှာ လွှတ်တော်နှစ်ရပ်စနစ်ကို ကျင့်သုံးသည့်နိုင်ငံတိုင်းသည် ဖက်ဒရယ်နိုင်ငံမဟုတ်သော်လည်း ဖက်ဒရယ်နိုင်ငံတိုင်းလိုလိုသည် လွှတ်တော်နှစ်ရပ်စနစ်ကို ကျင့်သုံးလေ့ရှိသည်။ အဆိုပါလွှတ်တော်နှစ်ရပ်အနက် ဖက်ဒရယ်စနစ်၏ အမှတ်အသားသည် အထက်လွှတ်တော် (Upper House or Second Chamber)၊ မြန်မာအခေါ်အရ အမျိုးသားလွှတ်တော်ပင်ဖြစ်သည်။ ဖက်ဒရယ် နိုင်ငံများတွင် ပြည်နယ်ဒေသအလိုက်တူညီသော ကိုယ်စားလှယ်အချိုးအစားဖြင့်ဖြစ်စေ၊ ဒေသအလိုက် လူဦးရေအပေါ်မူတည်၍ဖြစ်စေ ကိုယ်စားလှယ်များကို စေလွှတ်ပိုင်ခွင့်ရရှိသည်။ အာဂျင်တီးနား၊ ဩစတြေးလျ၊ ဘရာဇီး၊ မက္ကဆီကို၊ ဆွစ်ဇာလန်၊ တောင်အာဖရိက၊ ရုရှား၊ အမေရိကန် စသည့် ဖက်ဒရယ်နိုင်ငံများတွင် အထက်လွှတ်တော်သို့ နယ်မြေယူနစ်များအားလုံးက တူညီသော ကိုယ်စားလှယ် အရေအတွက်ကို စေလွှတ်ပိုင်ခွင့် ရရှိကြသည်။ လူဦးရေအချိုးအစားအရ မတူညီသော ကိုယ်စားလှယ်
  • 7. 7 အရေအတွက်ကို စေလွှတ်ရွေးချယ်ရသည့် ဖက်ဒရယ်နိုင်ငံများမှာ ဂျာမနီ၊ အိန္ဒိယ၊ ဩစတြီးယား၊ ကနေဒါ၊ ဘယ်လ်ဂျီယံ၊ အီသီယိုးပီးယား စသည်တို့ဖြစ်သည်။ အမေရိကန်နိုင်ငံတွင် အထက်လွှတ်တော်သို့ ပြည်နယ်တိုင်းသည် တူညီသော ကိုယ်စားလှယ် အရေအတွက်ကို စေလွှတ်ခွင့် ရရှိသည်။ အမေရိကန်ရှိ ပြည်နယ် ၅၀ သည် အထက်လွှတ်တော် (Senate) သို့ တစ်ပြည်နယ်လျှင် နှစ်ဦးကျစီ၊ တူညီစွာစေလွှတ်ပိုင်ခွင့်ရှိသည်။ ထို့ကြောင့် အမေရိကန် အထက် လွှတ်တော်တွင် လွှတ်တော်အမတ်ပေါင်း (Senator) ၁၀၀ဦး ရှိသည်။လူဦးရေ ၃၈ သန်းရှိသော ကယ်လီဖိုးနီးယားပြည်နယ်ကို ကိုယ်စားပြုသော ဆီနိတ်တာသည် နှစ်ဦးဖြစ်၍ လူဦးရေ ငါးသိန်း ခုနှစ်သောင်းကျော်သာရှိသော Wyoming ပြည်နယ်အတွက်လည်း ကိုယ်စားပြုဆီနိတ်တာ နှစ်ဦးပင်ဖြစ် သည်။ ဧရိယာအားဖြင့် မြန်မာနိုင်ငံထက် သုံးဆပိုကျယ်သော အလက်စ်ကာပြည်နယ်အတွက်လည်း လွှတ်တော်အမတ် နှစ်ဦး၊ မြန်မာနိုင်ငံမှ ကယားပြည်နယ်ထက် သုံးဆခန့်ပိုငယ်သော Rhode Island အတွက်လည်း ဆီနိတ်တာ နှစ်ဦးပင်ဖြစ်သည်။ ဖက်ဒရယ်နိုင်ငံတစ်ရပ်ပင်ဖြစ်သော ဂျာမနီနိုင်ငံတွင်၏ အထက်လွှတ်တော်ဖွဲ့စည်းပုံမှာ တစ်မျိုးဖြစ် သည်။ ဂျာမနီအထက်လွှတ်တော်ကို ပြည်နယ်များ (ဂျာမန်အသုံးအနှုန်း Lander) ရှိ လူဦးရေအရ စေလွှတ်သည်။ လူဦးရေ ၂ သန်းအောက်ရှိသော ပြည်နယ်ဖြစ်လျှင် ကိုယ်စားလှယ် ၃ ဦး၊ လူဦးရေ ၂ သန်းမှ ၄ သန်းအတွင်းဖြစ်ပါက ကိုယ်စားလှယ် ၄ ဦး၊ လူဦးရေ ၄ သန်းမှ ၆ သန်းအတွင်းရှိပါက ကိုယ်စားလှယ် ၅ ဦးစသည်ဖြင့် သက်မှတ်ထားသည်။ ၎င်းအထက်လွှတ်တော်ကိုယ်စားလှယ်များကို ရွေးချယ်ရာတွင်လည်း ပြည်သူလူထုက တိုက်ရိုက်ရွေးချယ် တင်မြှောက်ပိုင်ခွင့်မရှိဘဲ သက်ဆိုင်ရာ ပြည်နယ်အစိုးရအဖွဲ့ကသာလျှင် ရွေးချယ်စေလွှတ်ရသည်။ ထို့ကြောင့် ဝေဖန်သူအချို့က ဂျာမနီနိုင်ငံ၏ အထက်လွှတ်တော် (ဂျာမန်အခေါ် Bunderat) ရွေးချယ်ဖွဲ့စည်းပုံစနစ်ကို ပြစ်တင်ဝေဖန်တတ်ကြသည်။ အိန္ဒိယနိုင်ငံတွင် အထက်လွှတ်တော် (တရားဝင်အသုံးအနှုန်း Council of States) ကို ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်များ၊ ပြည်ထောင်စုနယ်မြေများမှ လူဦးရေအရ အချိုးကျ စေလွှတ် ရွေးချယ်ကာ ဖွဲ့စည်းသည်။ သို့သော် အထက်လွှတ်တော်ကိုယ်စားလှယ်ပေါင်း ၂၅၀ဦးရှိသည့်အနက် ၂၃၈ ဦးကိုသာ ပြည်နယ်များ၊ ပြည်ထောင်စုနယ်မြေများက ရွေးချယ်တင်မြှောက်ခွင့်ရှိပြီး ကျန် ၁၂ ဦးကို နိုင်ငံတော်သမ္မတက တိုက်ရိုက်ခန့်အပ်သည်။ သမ္မတက ရွေးချယ်ခန့်အပ်သော ပုဂ္ဂိုလ်များသည် အများအားဖြင့် သက်ဆိုင်ရာ ဘာသာရပ်ကျွမ်းကျင်ပညာရှင်များ ဖြစ်လေ့ရှိသည်။ ကနေဒါနိုင်ငံတွင်မူ အထက်လွှတ်တော်ကိုယ်စားလှယ်များကို ပြည်သူလူထုက ရွေးချယ် တင်မြှောက်ပိုင်ခွင့်မရှိဘဲ ဗဟိုအစိုးရအဖွဲ့၏ အကြံပြုချက်အတိုင်း ဘုရင်ခံချုပ်က ရာသက်ပန်ခန့်အပ် ထမ်းဆောင်စေသည်။ ထို့ကြောင့် ကနေဒါနိုင်ငံ၏ အထက်လွှတ်တော်သည် ပြည်နယ်များကို ကိုယ်စားပြု သည်ဟု ဆိုရန်ခက်ခဲသည်။
  • 8. 8 အောက်လွှတ်တော် Vs အထက်လွှတ်တော် အောက်လွှတ်တော် (Lower House or First Chamber)၊ မြန်မာအခေါ် ပြည်သူ့လွှတ်တော်ကို လူဦးရေအရဖြစ်စေ၊ သက်မှတ်ထားသော မဲဆန္ဒနယ်အရဖြစ်စေ ရွေးချယ်လေ့ရှိသည်။ အမေရိကန်နိုင်ငံတွင် အောက်လွှတ်တော် (တရားဝင်အသုံးအနှုန်း House of Representatives) ကို ပြည်နယ်များ၏ လူဦးရေအချိုးအစားအလိုက် ရွေးချယ်စေလွှတ်ရသည်။ အမေရိကန် အောက် လွှတ်တော်၌ ကိုယ်စားလှယ်စုစုပေါင်း ၄၃၈ ဦးရှိ၍ အားလုံးကို ပြည်နယ်များက လူဦးရေအနည်းအများအရ ရွေးချယ်တင်မြှောက်ကြရသည်။ အမေရိကန်နိုင်ငံ၏ အထက်လွှတ်တော်သည် ကမ္ဘာအခြားနိုင်ငံများ၏ အထက်လွှတ်တော်များနှင့် နှိုင်းယှဉ်လေ့လာပါက ဩဇာအာဏာများစွာရှိကြောင်း တွေ့ရှိရသည်။ အမေရိကန်သမ္မတသည် အထက် လွှတ်တော်၏ သဘောတူညီမှုရရှိမှသာလျှင် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်ထောင်စုတရားရုံးချုပ် တရားသူကြီးများစသည်တို့ကို ခန့်အပ်ပိုင်ခွင့်ရှိသည်။ နိုင်ငံတကာနှင့် ချုပ်ဆိုသော သဘောတူညီမှု စာချုပ်များကိုလည်း အထက်လွှတ်တော်က အတည်ပြုလက်မှတ်ရေးထိုးပေးရသည်။ ဤကဲ့သို့ အမေရိကန်အထက်လွှတ်တော် အာဏာကြီးရခြင်းမှာ ၎င်းသည် ပြည်နယ်တိုင်းကို တူညီစွာ ကိုယ်စားပြုသောကြောင့်ဟု ဆိုနိုင်သည်။ ပြည်နယ်လူထုကို ကိုယ်စားပြုမှု အားနည်းသော ဂျာမနီ၊ ကနေဒါစသော နိုင်ငံများ၏ အထက်လွှတ်တော်များမှာ ဩဇာအာဏာ ထိရောက်မှုလျော့နည်းသည်ကို လေ့လာတွေ့ရှိရသည်။ထို့ကြောင့် အထက်လွှတ်တော်များ၏ တန်ခိုးအာဏာသည် သက်ဆိုင်ရာ နိုင်ငံ အလိုက် ကွဲပြားခြားနားသည်ဟု ယေဘုယျ ဆိုနိုင်သည်။ ဖက်ဒရယ်စနစ်နှင့် နယ်မြေယူနစ်များ ကမ္ဘာ့ဖက်ဒရယ်နိုင်ငံများသည် နယ်မြေယူနစ်များကို မိမိတို့နိုင်ငံ၏ သမိုင်းကြောင်း၊ ပထဝီ အနေအထား၊ လူမျိုးရေး၊ ဘာသာစကားနှင့် ယဉ်ကျေးမှုဓလေ့ထုံးစံ၊ ကိုးကွယ်ယုံကြည်မှု ဘာသာ စသည့် အခြေခံအချက်များအပေါ် မူတည်ကာ သတ်မှတ်ပိုင်းခြားလေ့ရှိသည်။ဖက်ဒရယ်နိုင်ငံတစ်နိုင်ငံရှိ နယ်မြေ ယူနစ် အရေအတွက်သည်လည်း အနည်းဆုံး ၂ ခု (စိန့်ကစ်နှင့် နီးဗစ်နိုင်ငံ) မှ အများဆုံး ၈၆ နှင့် ၅၀ ယူနစ် (ရုရှားနှင့် အမေရိကန်နိုင်ငံ) များစွာ ကွဲပြားခြားနားနိုင်သည်။ ဖက်ဒရယ်နိုင်ငံတစ်ရပ်၏ ပြည်ထောင်စုအဖွဲ့ဝင် နယ်မြေယူနစ်များကို အဆင့်အမျိုးမျိုး၊ အမည်နာမ အမျိုးမျိုးဖြင့် ခေါ်ဝေါ်သတ်မှတ်နိုင်သည်။ ဥပမာအားဖြင့် - ၁။ သမ္မတနိုင်ငံများ (Republics) ၂။ ပြည်နယ်များ (States) ၃။ တိုင်းများ (Regions) ၄။ ကန်တွန်များ (Cantons)
  • 9. 9 ၅။ ပရိုဗင့်များ (Provinces) ၆။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ (Autonomous Regions) ၇။ ပြည်ထောင်စုနယ်မြေများ (Union Territories) ၈။ လူမျိုးစုဧရိယာများ (National Areas) စသည်တို့ဖြစ်ကြသည်။ ဖက်ဒရယ်နိုင်ငံတစ်ရပ်တည်းတွင် အဆင့်အတန်းနိမ်မြင့် မတူသော ပြည်ထောင်စုအဖွဲ့ဝင် နယ်မြေ ယူနစ်များလည်း တည်ရှိနိုင်သည်။ ဥပမာဆိုရသော် အာဂျင်တီးနားနိုင်ငံကို တိုင်းပေါင်း ၂၂ တိုင်း၊ လူမျိုးစု နယ်မြေ ၃ ခုနှင့် ပြည်ထောင်စုနယ်မြေ ၁ ခုတို့ဖြင့် ဖွဲ့စည်းထားသည်။ ဩစတြေးလျနိုင်ငံတွင် ပြည်နယ် ၆ ခု၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၄ ခုနှင့် မြို့တော်နယ်မြေ ၁ ခုတို့ရှိသည်။ ယခင် ယူဂိုဆလားဗီးယား ပြည်ထောင်စုတွင် သမ္မတနိုင်ငံပေါင်း ၆ ခုနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း ၂ ခုတို့ ပါဝင်သည်။ တိုင်းရင်းသားလူမျိုးစုကွဲများ တည်ရှိသော ဖက်ဒရယ်နိုင်ငံများတွင် နယ်မြေယူနစ်များကို အခြေချနေထိုင်ရာ လူမျိုးစုအလိုက် ပိုင်းခြားသတ်မှတ်ထားလေ့ရှိသည်။ အချို့နိုင်ငံများတွင်မူ ပြောဆိုသုံး နှုန်းသော ဘာသာစကားအရသော်လည်းကောင်း၊ ယဉ်ကျေးမှုထုံးတမ်း ဓလေ့များအရသော်လည်းကောင်း၊ ကိုးကွယ်ယုံကြည်မှု ဘာသာရေးအရသော်လည်းကောင်း နယ်မြေယူနစ်များ ခွဲခြားသတ်မှတ်သည်။ ဖက်ဒရယ် နိုင်ငံတစ်ခုတည်း၌ပင် နယ်မြေများကို ပုံစံမျိုးစုံ၊ အကြောင်းခြင်းရာမျိုးစုံဖြင့် ခွဲခြားနိုင်သည်။ (ဥပမာ - အိန္ဒိယနိုင်ငံ) လူမျိုးစု၊ ဘာသာစကား၊ ယဉ်ကျေးမှု၊ စသည်တို့ ကွဲပြားခြားနားမှုနည်းပါးသော ဖက်ဒရယ်နိုင်ငံများတွင် နယ်မြေယူနစ်များကို သမိုင်းကြောင်းအရသော်လည်းကောင်း၊ ပထဝီ အနေအထား အရ သော်လည်းကောင်း သတ်မှတ်ပိုင်းခြားလေ့ရှိသည်။ (ဥပမာ - ဂျာမဏီ၊ ဩစတြေးလျ) ဗဟိုနှင့် နယ်မြေယူနစ်များအကြား အာဏာခွဲဝေမှု ဖက်ဒရယ်နိုင်ငံများတွင် ဗဟိုအစိုးရက မည်သည့် လုပ်ပိုင်ခွင့်အာဏာကို ရယူကာ ဒေသခံအစိုးရ သို့မဟုတ် ပြည်နယ်အစိုးရများက မည်သည့်နယ်ပယ် လုပ်ပိုင်ခွင့်အာဏာများကို ရရှိသည်ဟု သတ်မှတ် ထားလေ့ရှိသည်။ ဖက်ဒရယ်နိုင်ငံတစ်ခု၏ အဆင့်အတန်း၊ အစစ်အမှန်ကို အကဲဖြတ်နိုင်သော စံပေတံ တစ်ရပ်မှာ ဗဟိုနှင့် ပြည်နယ်များအကြား အာဏာခွဲဝေမှုပင်ဖြစ်သည်။ အချို့သော ဖက်ဒရယ်နိုင်ငံများတွင်မူ ဗဟိုရော၊ ပြည်နယ်များကပါ အတူတကွ တစ်ပြိုင်တည်း ဆောင်ရွက်နိုင်သော လုပ်ပိုင်ခွင့်အာဏာ (Concurrent Power) ဟူ၍လည်း သီးခြားဖော်ပြထားတတ်သည်။ အဆိုပါ (Concurrent Power) အရဆောင်ရွက်ကြရာတွင် ဗဟိုအစိုးရနှင့် ပြည်နယ်တို့ သဘောထားကွဲလွဲမှုရှိပါကမူ ဗဟိုအစိုးရသည်သာ လွှမ်းမိုးချုပ်ကိုင်နိုင်ခွင့်ရှိတတ်သည်။ (ဥပမာ - အိန္ဒိယ) ကမ္ဘာ့ဖက်ဒရယ်နိုင်ငံအများစု၏ ဗဟိုနှင့် ပြည်နယ်များအကြား ယေဘုယျအားဖြင့် လုပ်ပိုင်ခွင့် အာဏာခွဲဝေမှုပုံစံကို နောက်ဆက်တွဲ - ၂တွင်ရှုပါ။ ဖက်ဒရယ်နိုင်ငံအချို့တွင်မူ မည်သို့သော အာဏာရပ် များ Specified Power (ဥပမာ - နိုင်ငံခြားရေး၊ ကာကွယ်ရေး) တို့ကို ဗဟိုအစိုးရသို့ လုပ်ပိုင်ခွင့်အပ်နှင်းကာ
  • 10. 10 ကြွင်းကျန်သော အာဏာအားလုံး Residual Power ကို ပြည်နယ်အစိုးရများသို့ ပေးအပ်သည်ဟု ဖွဲ့စည်းပုံအခြေခံဥပဒေ၌ သတ်မှတ်ထားတတ်သည်။ ဥပမာအားဖြင့် အမေရိကန်နိုင်ငံဖွဲ့စည်းပုံ အခြေခံဥပဒေအရ သတ်မှတ်ဖော်ပြထားသော လုပ်ပိုင်ခွင့် အာဏာ ၁၈ ရပ်ကို ဗဟိုအစိုးရသို့ အပ်နှင်းကာ ကြွင်းကျန်အာဏာများအားလုံးကို ပြည်နယ်များသို့ လုပ်ပိုင်ခွင့် ပေးအပ်ထားသည်။ အာဏာခွဲဝေမှုပုံစံကို ယေဘုယျအားဖြင့် သုံးသပ်ရမည်ဆိုပါက တစ်နိုင်ငံလုံးအတိုင်းအတာနှင့် သက်ဆိုင်သော၊ တစ်မျိုးသားလုံးသဘောဆောင်သော ကိစ္စရပ်နယ်ပယ်များကို ဗဟိုအစိုးရသို့ လုပ်ပိုင်ခွင့် အာဏာ အပ်နှင်းလေ့ရှိကာ ပညာရေး၊ ကျန်းမာရေး၊ စည်ပင်သာယာရေး၊ လူမှုဖူလုံရေး၊ ဘာသာစကား၊ တိုင်းရင်းသားယဉ်ကျေးမှုဓလေ့များ စသည်တို့ဖွံ့ဖြိုးစောင့်ရှောက်ရေးအစရှိသော နယ်ပယ်လုပ်ပိုင်ခွင့်များ ကိုမူ ပြည်နယ်အစိုးရများသို့ ဆောင်ရွက်ပိုင်ခွင့်ပေးထားလေ့ရှိသည်။ သို့ရာတွင် အာဏာခွဲဝေမှုပုံစံမှာ နိုင်ငံအလိုက် မူတည်ကာ များစွာကွဲပြားခြားနားနိုင်သည်ကို မှတ်သားထားသင့်သည်။ ငွေကြေးနှင့် ဘဏ္ဍာရေးဆိုင်ရာ အခွင့်အာဏာများ ဖက်ဒရယ်စနစ်လည်ပတ်ရှင်သန်ရေးတွင် ငွေကြေးနှင့် ဘဏ္ဍာရေးဆိုင်ရာ ရယူနိုင်မှု၊ ခွဲဝေမှု၊ သုံးစွဲမှုတို့သည် လွန်စွာအရေးကြီးသည်။ နိုင်ငံတစ်နိုင်ငံသည် ဝင်ငွေကို အကောက်ခွန်မျိုးစုံမှလည်းကောင်း၊ မိမိနိုင်ငံ၏ ရေထု၊ လေထု၊ မြေထုအတွင်းရှိ သဘာဝအရင်းအမြစ်များမှတစ်ဆင့်လည်းကောင်း၊ နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများမှလည်းကောင်း ရရှိနိုင်သည်။ ဖက်ဒရယ်နိုင်ငံများ၏ ဖွဲ့စည်းပုံအခြေခံဥပဒေများတွင် အကောက်ခွန်များ ကောက်ခံနိုင်ခွင့်နှင့် ပတ်သက်၍ သီးခြားဖော်ပြထားလေ့ရှိသည်။ ကနေဒါနှင့် ဆွစ်ဇာလန်တို့တွင် ဗဟိုအစိုးရသည် နိုင်ငံဝင်ငွေ စုစုပေါင်း၏ ၄၅ ရာခိုင်နှုန်းကို ရယူသည်။ အမေရိကန်တွင် ၅၄ ရာခိုင်နှုန်းကို ဗဟိုက ရယူသည်။ နိုင်ငံဝင်ငွေစုစုပေါင်း၏ ၆၀ မှ ၇၅ ရာခိုင်နှုန်းအထိကို ဗဟိုအစိုးရက ရယူထားသော ဖက်ဒရယ် နိုင်ငံများလည်း ရှိသည်။ဥပမာဆိုရသော် ဩစတြေးလျ၊ ဘရားဇီး၊ အိန္ဒိယ၊ ဂျာမဏီ တို့ဖြစ်ကြသည်။ အချို့သော ဖက်ဒရယ်နိုင်ငံများတွင်မူ ဗဟိုအစိုးရသည် လွန်စွာ များပြားသော ဝင်ငွေအချိုးအစားကို ရယူထားတတ်သည်။ ဥပမာ - နိုင်ဂျီးရီးယား၊ မက္ကဆီကို၊ ရုရှားစသည့်ဖက်ဒရယ်နိုင်ငံများတွင် ဗဟိုအစိုးရသည် နိုင်ငံတော်ဝင်ငွေအားလုံး၏ ၈၀ရာခိုင်နှုန်းအထိ ရယူထားသည်။ ဖက်ဒရယ်နိုင်ငံအများစုတွင် ဗဟိုအစိုးရများသည် မိမိတို့သုံးစွဲရန်လိုအပ်သော ငွေကြေး ပမာဏ ထက် ပိုမိုများပြားသော ဝင်ငွေကို ရရှိလေ့ရှိသည်။ ထိုအခါ ဗဟိုအစိုးရသည် ပြည်နယ်အစိုးရများထံသို့ ဘဏ္ဍာငွေ လွှဲပြောင်းပေးအပ်ကြသည်။ ဖက်ဒရယ်နိုင်ငံများတွင် ဘဏ္ဍာငွေ အခွန်ကောက်ခံခြင်း၊ လွှဲပြောင်း ပေးအပ်ခြင်း၊ ခွဲဝေမျှတခြင်းတို့နှင့် ပတ်သက်၍ အငြင်းပွား ဆွေးနွေးစရာတို့ များစွာရှိနေသည်။ နိုင်ငံ အလိုက်လည်း လွန်စွာ ကွဲပြားခြားနားနိုင်သည်။
  • 11. 11 ဖက်ဒရယ်နိုင်ငံနှင့် လက်နက်ကိုင်တပ်များ ဖက်ဒရယ်နိုင်ငံတစ်ရပ်၏ စစ်တပ်ဖွဲ့စည်းပုံစနစ်သည် တစ်ပြည်ထောင်နိုင်ငံများနှင့် အနည်းငယ် ကွာခြားတတ်သည်။ နိုင်ငံအတွင်း လက်နက်ကိုင်တပ်များကို ဖြန့်ကျက်ခွဲဝေထားသည့် ဖက်ဒရယ် နိုင်ငံများ လည်း ရှိသည်။ စစ်တပ်ကို ဗဟိုအစိုးရ၏ ထိန်းချုပ်မှုအောက်တွင် အများအားဖြင့် ထားလေ့ရှိကာ ရဲတပ်ဖွဲ့၊ နယ်ခြားစောင့်တပ်နှင့် လုံခြုံရေးတပ်ဖွဲ့များကမူ ပြည်နယ်အစိုးရများ၏ စီမံမှုလက်အောက်တွင် ရှိတတ် သည်။ အချို့သော ဖက်ဒရယ်နိုင်ငံများတွင် စစ်တပ်ကို လူမျိုးရေးအရ၊ ဘာသာစကားအရ၊ ကိုးကွယ် ယုံကြည်မှုအရ ပိုင်းခြားကာ တပ်ရင်း တပ်ဖွဲ့များ ဖွဲ့စည်းထားတတ်သည်။ တိုင်းရင်းသားလူမျိုးစုများ၏ လူဦးရေအချိုးအစားအရ စစ်တပ်ကို ကိုယ်စားပြုဖွဲ့စည်းသည့် ဖက်ဒရယ်နိုင်ငံများလည်း ရှိသည်။ သို့သော် မှတ်သားထားရန်မှာ ဖက်ဒရယ်နိုင်ငံတွင် စစ်တပ်ကို မည်သို့မည်ပုံဖွဲ့စည်းရမည်ဟူ၍ ပုံသေသတ်မှတ်ထား သော နည်းစနစ်မရှိပါ။ တစ်နိုင်ငံနှင့် တစ်နိုင်ငံအလိုက်များစွာကွဲပြားနိုင်သည်။ ဖက်ဒရယ်နိုင်ငံတော်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ဖက်ဒရယ်နိုင်ငံတစ်ရပ်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေသည် လွန်စွာ အရေးကြီးသည်။ အဘယ့် ကြောင့်ဆိုသော် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ဗဟိုနှင့် ပြည်နယ်အစိုးရအဖွဲ့များအကြား အာဏာခွဲဝေမှု၊ တာဝန်ခွဲဝေမှု၊ ဘဏ္ဍာငွေ အခွန်ခွဲဝေမှု စသည်တို့ကို ပိုင်းခြားသတ်မှတ်ထားသောကြောင့် ဖြစ်သည်။ ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်းတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲ ပြဌာန်းထားသည်မဟုတ်သော်လည်း (ဥပမာ - ဗြိတိန်၊ အစ္စရေး တို့တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ မရှိပါ) ကမ္ဘာ့ဖက်ဒရယ်နိုင်ငံတိုင်းတွင်မူ ဖွဲ့စည်းပုံ အခြေခံဥပဒေရှိကြပါသည်။ အချို့သော ဖက်ဒရယ်နိုင်ငံများတွင် တစ်နိုင်ငံလုံးကို လွှမ်းခြုံအာဏာတည်သော ဗဟိုဖွဲ့စည်းပုံ အခြေခံဥပဒေတစ်ရပ် တည်ရှိသည့်အပြင် သက်ဆိုင်ရာပြည်နယ်အလိုက် သို့မဟုတ် နယ်မြေယူနစ်အလိုက် မိမိတို့ကိုယ်ပိုင် ဖွဲ့စည်းပုံအခြေခံဥပဒေများလည်း ရေးဆွဲပြဌာန်းထားတတ်သည်။ (ဥပမာ - အမေရိကန် နိုင်ငံရှိ ပြည်နယ်များ) ဤတွင် သတိပြုရန်မှာ ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေသည် ဗဟိုအစိုးရဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် အနှစ်သာရအားဖြင့်၊ အခြေခံအားဖြင့် ဝိဝါဒကွဲလွဲမှုများ ရှိမနေရန်ပင် ဖြစ်သည်။ ဖက်ဒရယ်နိုင်ငံတစ်ရပ်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်များနှင့် စပ်လျဉ်း၍ အဓိပ္ပာယ် ဖွင့်ဆိုရန်၊ အငြင်းပွားမှုများကို ဖြေရှင်းဆုံးဖြတ်ပေးရန် သီးခြားလွတ်လပ်သော အဖွဲ့အစည်းတစ်ခု တည်ရှိ တတ်သည်။ အမေရိကန် တွင် - ပြည်ထောင်စုတရားရုံးချုပ် (Federal Supreme Court) ဆွစ်ဇာလန် တွင် - ပါလီမန် (Parliament)
  • 12. 12 ဂျာမနီ တွင် - ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံး (Constitutional Court) စသည်ဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို အဓိပ္ပာယ်ဖွင့်၊ အဆုံးအဖြတ်ပေးနိုင်သော အဖွဲ့သည် နိုင်ငံအလိုက် ကွဲပြားခြား နားနိုင်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်း ဖက်ဒရယ်နိုင်ငံများတွင် ဖွဲ့စည်းပုံအခြေခံဥပဒေသည် အရေးကြီးသည့်အားလျော်စွာ ပြင်ဆင်ရန် ကိစ္စသည် ရံဖန်ရံခါ ခက်ခဲတတ်သည်။ အမေရိကန်နိုင်ငံတွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန် အနည်းဆုံး ကွန်ဂရက်လွှတ်တော်၏ သုံးပုံနှစ်ပုံထောက်ခံမှုကို ရရှိရန်လိုပြီး ပြည်နယ် လွှတ်တော်များ အားလုံး၏ လေးပုံသုံးပုံထောက်ခံမှုကိုလည်း ရရှိရန်လိုအပ်သည်။ ဘရာဇီးနိုင်ငံတွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ဆင်လိုပါက လွှတ်တော်နှစ်ရပ်လုံး၏ ၆၀ ရာခိုင်နှုန်းသော ထောက်ခံမှုနှင့် ပြည်နယ်များ၏ မဲအများစုထောက်ခံမှုကို လိုအပ်သည်။ ဩစတြေးလျတွင်မူ ပြည်သူ့ဆန္ဒခံယူပွဲ ထောက်ခံမှုဖြင့်သာ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်မှုကို အတည်ပြုသည်။ အချို့ဖက်ဒရယ်နိုင်ငံများ၌မူ ဖွဲ့စည်းပုံအခြေခံဥပဒေ ကို သက်ဆိုင်ရာ အခန်းများ၊ ပုဒ်မများ၏ အရေးပါမှုအလိုက် ပြင်ဆင်ရန်နည်းလမ်းများကိုလည်း မတူကွဲပြား စွာ သတ်မှတ်ထားတတ်သည်။ (ဥပမာ - အိန္ဒိယ) ဖက်ဒရယ်နှင့် မြန်မာ့နိုင်ငံရေး (ဤအခန်းမှစကာစာတမ်းရှင်သည် မြန်မာ့နိုင်ငံရေးနှင့် ဖက်ဒရယ်စနစ်အပေါ် မိမိ၏ ကိုယ်ပိုင်အမြင်များကို ဆွေးနွေးတင်ပြထားသည်) ခရစ်နှစ် ၁၀၄၄အေဒီ၊ အနိရုဒ္ဓမင်း (အများအခေါ် - အနော်ရထာ) လက်ထက်မှ စတင်ရေတွက် မည်ဆိုပါက သီပေါမင်း ပါတော်မူသည် ၁၈၈၅ ခုအထိဖြစ်သော နှစ်ပေါင်း ၈၄၀ကျော် မြန်မာ့သမိုင်းတွင် ထွန်းကားရှင်သန်ခဲ့သည်မှာ သက်ဦးဆံပိုင် ပဒေသရာဇ်စနစ်ပင်ဖြစ်သည်။ ဘုန်းတန်ခိုးစွမ်းအားကြီးသော ဘုရင်လက်ထက်တွင် မြန်မာဧကရာဇ်နိုင်ငံသည် ဩဇာသက်ရောက်သော နယ်နိမိတ် ကျယ်ဝန်းလေ့ ရှိသည်။ ထို့အတူ ဘုရင်ဖြစ်သူ ဘုန်းတေဇာနိမ့်ပါးသောကာလတွင် နိုင်ငံဩဇာနယ်နိမိတ် ကျဉ်းမြောင်း တတ်သည်မှာလည်း သဘာဝပင်ဖြစ်သည်။ ဤသည်မှာလည်း သက်ဦးဆံပိုင်ဘုရင်စနစ် ထွန်းကားခဲ့သော ကမ္ဘာပေါ်ရှိ နိုင်ငံများအားလုံးလိုလို ကြုံတွေ့ခဲ့ရသည့် သမိုင်းအတွေ့အကြုံပင် ဖြစ်သည်။ မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုးစုပေါင်း များစွာ အခြေချနေထိုင်ခဲ့ကြသည်။ ပထဝီဒေသ အမျိုးမျိုးတွင် လူမျိုးစုအမျိုးမျိုး ဖြန့်ကျက်နေထိုင်သည့် နိုင်ငံတစ်နိုင်ငံလည်းဖြစ်သည်။ သမိုင်း ခေတ်ရေစီး ကြောင်းတွင် ထိုလူမျိုးစုတိုင်းရင်းသားတို့သည် ဘုရင်တစ်ပါး၊ ခေါင်းဆောင်တစ်ဦး၏ အုပ်ချုပ်မှု အာဏာစက်အောက်တွင် နေထိုင်ခဲ့ကြဖူးသလို ကိုယ့်ထီးကိုယ့်နန်း ကိုယ့်ကြငှန်းနှင့် နေထိုင်ခဲ့ကြသည့် ခေတ်ကာလများလည်း ရှိခဲ့ကြသည်။ (ဥပမာ - မွန်၊ ရခိုင်)ဧကရာဇ် နေထွက်ဘုရင်ကို အခါအားလျော်စွာ လက်ဆောင်ပဏ္ဏာ၊ သမီးကညာဆက်သရသည့် နယ်ရှင်ပယ်ရှင်၊ နယ်စားပယ်စားများ၊ စော်ဘွား စော်ဖျားများ (တစ်နည်းဆိုရသော် နေဝင်ဘုရင်များ) ကြီးစိုးသည့် လူမျိုးစုများ၊ ပထဝီဒေသများလည်း
  • 13. 13 ရှိခဲ့ကြသည်။ နည်းပညာမတိုးတက်သေးသော ခေတ်ဖြစ်သည်နှင့်အညီ ထိုကာလများတွင် တစ်ဒေသနှင့် တစ်ဒေသ၊ တစ်နယ်နှင့် တစ်နယ်၊ လူမျိုးစုတစ်ခုနှင့် တစ်ခု အချင်းချင်း ကူးလူးဆက်ဆံမှု၊ ထိတွေ့ရင်းနှီးမှု သည် ယနေ့ခေတ်အတိုင်းအတာအရ နည်းပါးခဲ့မည်မှာ သေချာသည်။ အင်္ဂလိပ်ကိုလိုနီဘဝသို့ ရောက်ရှိသောအခါတွင် မြန်မာနိုင်ငံသည် ခေတ်သစ်စနစ်သစ်ကို စတင် ထိတွေ့ခဲ့ရသည်။ အင်္ဂလိပ်တို့သည် မြန်မာနိုင်ငံ၏ သက်ဦးဆံပိုင်ဘုရင်စနစ်ကို ဖျက်သိမ်းကာ ဗျူရိုကရေစီ ယန္တယားဖြင့် အစားထိုးခဲ့သည်။ ဒိုင်အာခီစနစ်၊ ၉၁ ဌာနအုပ်ချုပ်ရေးစနစ်၊ ၁၉၃၅အက်ဥပဒေစနစ် စသည့်စနစ်ပုံစံများကို အင်္ဂလိပ်လက်အောက်ရှိ မြန်မာနိုင်ငံသည် တွေ့ကြုံခဲ့သည်။ ထိုစနစ်များအရ ရွေးကောက်ပွဲ၊ ဒီမိုကရေစီ၊ ပြည်သူ့လွှတ်တော်၊ လွှတ်တော်အမတ်စသည်တို့ ပေါ်ပေါက်ထွန်းကား လာခဲ့သည်။ လွတ်လပ်ပြီးခေတ် ခရစ်နှစ် ၁၉၄၈တွင် လွတ်လပ်ရေးရရှိပြီးနောက် မြန်မာနိုင်ငံကို အုပ်ချုပ်ခဲ့သောစနစ်မှာ ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဝန်ကြီးချုပ်ဦးစီးသည့် စနစ်ဖြစ်သည်။ ထိုအခြေခံဥပဒေအရ မြန်မာနိုင်ငံသည် အသွင်သဏ္ဍန်အားဖြင့် ဖက်ဒရယ်စနစ်ဆီသို့ ဦးတည်သည်ဟု ဆိုနိုင်သည်။ သို့သော် အနှစ်သာရအားဖြင့်မူ ဖက်ဒရယ်ဝါဒစစ်စစ်ဟုလည်း မဆိုသာကြောင်း ပညာရှင်များက ဝေဖန်သည်။ဗိုလ်ချုပ်ကြီးနေဝင်းက ၁၉၆၂ ခုတွင် စစ်တပ်ဖြင့် အာဏာသိမ်းပိုက်ပြီးနောက်တွင် မြန်မာနိုင်ငံသည် စစ်အာဏာရှင်၊ တစ်ပါတီအာဏာရှင် စသည့် ဒီမိုကရေစီဆိတ်သုန်းသော ဘဝသို့ ရောက်ရှိခဲ့ရသည်။ မြန်မာနိုင်ငံလွတ်လပ်ရေးရသည့်ကာလမှစ၍ တစ်ဆက်တည်းပေါ်ပေါက်ခဲ့သော ပြည်တွင်းစစ် သည် နှစ်ပေါင်း ၆၀ကျော် ကြာမြင့်ခဲ့သည်နှင့်အမျှ ယခုအခါ ကမ္ဘာ့အရှည်ကြာဆုံးသော ပြည်တွင်းစစ် တစ်ခုအဖြစ် မှတ်တမ်းဝင်ခဲ့ပြီး ဖြစ်သည်။ အာဏာရအစိုးရကို အကြောင်းအမျိုးမျိုးဖြင့် တော်လှန်ပုန်ကန် သော သူပုန်အဖွဲ့များအနက် ယခုအချိန်ထိ သက်တမ်းရှည်ကျန်ရှိနေသောအဖွဲ့များသည် ဗမာလူမျိုး မဟုတ်သော တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများ ဖြစ်သည်။ အဆိုပါ လက်နက်ကိုင် တိုင်းရင်းသား အင်အားစုများ၏ လိုလားတောင်းဆိုချက်များကို လေ့လာမည်ဆိုပါ တန်းတူညီမျှရေး၊ ဖက်ဒရယ်ရေး၊ လူမျိုးကြီးဝါဒမကျင့်သုံးရေး၊ ဒီမိုကရေစီရေး၊ ဖွံ့ဖြိုးတိုးတက်ရေး စသည့်အချက်တို့သည် ထိပ်ဆုံးမှ ပါဝင်နေသည်ကို တွေ့ရှိနိုင်သည်။ စီးပွားရေးဖွံ့ဖြိုးမှု နည်းသော နိုင်ငံများတွင် ပြည်တွင်းစစ်ဖြစ်ရန် အလားအလာ များသည်။ တစ်ဖန် အကြင်နိုင်ငံတစ်ရပ်သည် ပြည်တွင်းစစ်ဖြစ်နေသည်ဆိုပါက စီးပွားရေးအရ ဖွံ့ဖြိုးတိုးတက်ရန်မှာ များစွာ နှောင့်နှေးနိုင်ပါသည်။ စီးပွားလူမှုဘဝ နိမ့်ကျသော နိုင်ငံတစ်ရပ်သည် နိုင်ငံရေးအားဖြင့် တည်ငြိမ်မှု အားနည်းတတ်ပါသည်။ ထို့ပြင်ပြည်တွင်းစစ်ဖြစ်နေသော နိုင်ငံတစ်ရပ်တွင် လက်နက်ကိုင်စစ်တပ်၏ အခန်းကဏ္ဍသည် အရေးပါလာသည်။ စစ်ဘောင်ကျယ်လာသည့်နှင့်အမျှ ဒီမိုကရေစီဘောင်၊ အရပ်သား နိုင်ငံရေးဘောင်သည် ကျဉ်းကျဉ်းသွားရသည်မှာလည်း သဘာဝပင်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံရေး၊ စီးပွားရေး နှင့် ပြည်တွင်းစစ်တို့သည် တစ်ခုနှင့်တစ်ခု အညမညသဘောရှိသည်ဟု ဆိုနိုင်သည်။
  • 14. 14 ဖွဲ့စည်းပုံအခြေခံဥပဒေ၂၀၀၈ ခရစ် ၂၀၁၁ နောက်ပိုင်း မြန်မာနိုင်ငံတွင် နိုင်ငံရေးအရ တစ်စုံတရာသော ပြုပြင်ပြောင်းလဲမှုများ ပေါ်ပေါက်တိုးတက်လာသည်မှာ အငြင်းပွားဖွယ်မရှိပေ။ ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈တွင် ဒီမိုကရေ နည်းလမ်းမကျသော၊ ဒီမိုကရေစီ၏ အခြေခံမူဘောင် သဘောများနှင့် လုံးဝဆန့်ကျင်နေသော ပြဌာန်းချက် ပုဒ်မပေါင်း များစွာပါဝင်နေသည်ကို လေ့လာတွေ့ရှိနိုင်သည်။ ထို့ပြင် စစ်တပ်၏ အရေးပါမှုအခန်း ကဏ္ဍကို လည်း သိသာစွာ ဖော်ပြသတ်မှတ်ထားပြန်သည်။ တစ်ဖန် တိုင်းရင်းသားညီနောင်များ လိုလားတောင်းဆိုကြသော ဖက်ဒရယ်စနစ်အမြင်ရှုထောင့်မှ ကြည့်မည်ဆိုပါကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေ၂၀၀၈သည် ပုံသဏ္ဍန်အားဖြင့် ဖက်ဒရယ်သဘောဆောင် သော်လည်း အာဏာခွဲဝေမှုသဘော၊ အနှစ်သာရအားဖြင့် ဖက်ဒရယ်စနစ် ပီပီပြင်ပြင်မဟုတ်သေးသည်ကို တွေ့ရှိရသည်။ မည်သို့ပင်ဆိုစေကာမူ နိုင်ငံရေးအရ၊ စီးပွားရေးအရ၊ ပြည်တွင်းငြိမ်းချမ်းရေး ကြိုးပမ်းမှု များအရ ယခင်ကာလများနှင့် နှိုင်းယှဉ်ပါက တိုးတက်လာသည်ဟု ယေဘုယျအားဖြင့် ဆိုကောင်းဆို နိုင်ပါသည်။ မြန်မာနိုင်ငံသည် သမိုင်းကြောင်းအရလည်းကောင်း၊ ပထဝီအနေအထားအရ လည်းကောင်း၊ လူမျိုးစုကွဲပြားခြားနားမှုအရလည်းကောင်း ဖက်ဒရယ်စနစ်နှင့် အထူးသင့်လျော်သည်ဟု (ကျနော်) ယူဆသ ည်။ ပြောရလျှင် အချို့သော ပြည်နယ်များဆိုပါက ဘာသာရေးအရ ဗမာပြည်မနှင့် ကွဲပြားမှုပင်ရှိသည်။ (ဥပမာ - ချင်းပြည်နယ်၊ ကချင်ပြည်နယ်) သွားရမည့် ခရီး ယနေ့ မြန်မာ့နိုင်ငံရေးတွင် ခက်ခဲသိမ်မွေ့သည်နှင့်အမျှ အရေးလည်းကြီးသော အပြောင်းအလဲကြီး သုံးရပ်ကို တစ်ပြိုက်နက်တည်း ဆောက်ရွက်ရန်လိုနေသည်။ ၎င်းတို့မှာ - ၁။ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု ၂။ စီးပွားရေးပြုပြင်ပြောင်းလဲမှု ၃။ ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောင်မှု တို့ပင်ဖြစ်သည်။ အထက်ပါ ကိစ္စကြီးသုံးရပ်သည်လည်း တစ်ခုနှင့်တစ်ခု အညမညဆက်စပ်လျက်ရှိကြောင်း ဖော်ပြခဲ့ပြီးဖြစ်သည်။ ပြည်တွင်းငြိမ်းချမ်းရေးဟုဆိုသည်နှင့် ဖက်ဒရယ်ဟူသောစကားရပ်သည် ဆက်တိုက် နောက်ကပါ လာပြီးဖြစ်သည်ကို မြန်မာ့နိုင်ငံရေးနှင့် ကျွမ်းဝင်သူတိုင်း သိနားလည်ပြီးဖြစ်သည်။ ခေတ်အဆက်ဆက် အာဏာရှင်အစိုးရများ၏ ဝါဒဖြန့်ဝေမှုမှိုင်းကြောင့် သာမန်မြန်မာပြည်သူအချို့သည် ဖက်ဒရယ်ဟုဆိုလျှင် ခွဲထွက်ရေးဝါဒကြီးဟု မှားယွင်းစွာ နားလည်နေတတ်ကြသည်။ အမှန်မှာ ဖက်ဒရယ်စနစ်ဟူသည် ဗဟိုထိန်းချုပ်မှုကို လျော့ချခြင်း (Decentralization) ပင်ဖြစ်သည်။ ဖက်ဒရယ်စနစ်နှင့် ဒီမိုကရေစီ သည်လည်း နီးကပ်စွာ ဆက်စပ်နေသည်။ ဖက်ဒရယ်စနစ်သည် ဒီမိုကရေစီသဘောတရား အားကောင်း ရှင်သန်မှသာ ရေရှည်အလုပ်ဖြစ် ရပ်တည်နိုင်မည်ဖြစ်သည်။
  • 15. 15 မြန်မာနိုင်ငံသည် ကမ္ဘာ့အဆင်းရဲဆုံးသော နိုင်ငံများထဲတွင် စာရင်းဝင်လျက်ရှိသည်။ ဤမျှ သဘာဝအရင်းအမြစ်ပေါကြွယ်ဝသော၊ ရာသီဥတုပတ်ဝန်းကျင် မျှတသော၊ လူဦးရေနှင့် နိုင်ငံအကျယ် အဝန်း သင့်တင့်သော (ပြောရလျှင် လူဦးရေမှာ နည်းနေသေးသည်ဟုပင် ဆိုနိုင်သည်)၊ နိုင်ငံတစ်ရပ်သည် မုချချမ်းသာရမည်ဟု မဆိုနိုင်သော်လည်း အဆင်းရဲဆုံးနိုင်ငံစာရင်းတွင် ပါဝင်နေခြင်းမှာမူ မဖြစ်သင့်လှပေ။ ဤသို့ ဖြစ်နေရခြင်းမှာ အဘယ့်ကြောင့်နည်း။ အုပ်စိုးသူ အစိုးရအဆက်ဆက်၏ နိုင်ငံရေးနှင့် စီးပွားရေး သဘောအရ စီမံခန့်ခွဲမှုအလွဲများ၊ စနစ်အမှားများသည် ပဓာနလက်သည်ဟု (ကျနော်) ဆိုချင်ပါသည်။ ယနေ့အခါ မြန်မာနိုင်ငံရေးမိုးလေဝသသည် အနည်းငယ်သာယာသလို ဖြစ်လာပါသည်။ သို့သော် ကျွန်ုပ်တို့ ဆောင်ရွက်ရန်များစွာ ရှိနေသေးသည်။ ကျန်နေသေးသည်။ သွားရမည့်ခရီးကား ဝေးသေး၏။ ဤစာတမ်းကို စာတမ်းရှင်သင်ကြားသည့် နိုင်ငံရေးသင်တန်းများ ၌ ဖက်ဒရယ်လစ်ဇင်သင်ခန်းစာတွင် ဖတ်စာအဖြစ် ဖြန့်ချိခဲ့ဖူးပါ သည်။ ယခုအခါ Online Journal အဖြစ် ဆက်လက် ဖြန့်ချိအပ် ပါသည်။ အယ်ဒီတာ
  • 16. 16 နောက်ဆက်တွဲ - ၁ ကမ္ဘာ့ဖက်ဒရယ်နိုင်ငံများစာရင်း 1. Argentina 2. Australia 3. Austria 4. Belgium 5. Bosnia and Herzegovina 6. Brazil 7. Canada 8. Comoros 9. Ethiopia 10. Germany 11. India 12. Malaysia 13. Mexico 14. Micronesia 15. Nigeria 16. Pakistan 17. Russia 18. St. Kitts and Nevis 19. Serbia and Montenegro 20. South Africa 21. Spain 22. Switzerland 23. United Arab Emirates 24. United States of America 25. Venezuela
  • 17. 17 နောက်ဆက်တွဲ - ၂၊ ဗဟိုအစိုးရနှင့် ပြည်နယ်အစိုးရများအကြား အာဏာခွဲဝေမှုအချို့ စဉ် ကဏ္ဍများ ဗဟိုအစိုးရ ပြည်နယ်အစိုးရ မှတ်ချက် ၁ ကာကွယ်ရေးနှင့် လုံခြုံရေး (စစ်တပ်)  ၂ နိုင်ငံခြားရေး  ၃ ငွေစက္ကူထုတ်ဝေရေး  ၄ အကောက်ခွန်  ၅ ကုန်သွယ်ရေး  ၆ စာတိုက်၊ ကြေးနန်းနှင့် ဆက်သွယ်ရေး   ရံဖန်ရံခါ မျှဝေ သို့ ပူးတွဲဆောင်ရွက် ၇ တရားစီရင်ရေး   ရံဖန်ရံခါ မျှဝေ သို့ ပူးတွဲဆောင်ရွက် ၈ ပညာရေး   အတန်းအဆင့်ကိုလိုက်၍ ပြောင်းလဲတတ် ၉ ကျန်းမာရေး  ၁၀ လုံခြုံရေး (ရဲ)  ၁၁ နိုင်ငံသားဖြစ်မှု  ၁၂ လူမှုဖူလုံရေး  ၁၃ ဆိပ်ကမ်း   အရွယ်အစားနှင့် အရေးပါမှုကို မူတည်လေ့ရှိ ၁၄ ဘဏ်   ရံဖန်ရံခါ မျှဝေ သို့ ပူးတွဲဆောင်ရွက်